ဝေါ ဧပြီ ၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့၌ ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုကိုက ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၃ ရက်နေ့တွင် ကျရောက်မည့် မဟာသင်္ကြန်ပွဲတော်အား ယခင်နှစ်များအတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအားသာချက်အားနည်းချက်များကို ဌာနဆိုင်ရာကော်မတီအဖွဲ့ဝင်များမှ ဝိုင်းဝန်းပူးပေါင်းကာ အကြံဉာဏ်ကောင်းများ ပေးစေလိုပါကြောင်း၊ မဖြစ်မနေဆောင်ရွက်ရမည့် သက်ကြီးဘိုးဘွားပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားနာယူပွဲများကို အစဉ်အလာမပျက်ပြုလုပ် ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ သင်္ကြန်ပွဲတော်ရက်များတွင်ဗဟိုမဏ္ဍပ်၌ ယိမ်းအကအလှအဖွဲ့များနှင့် ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဆင်နွှဲသွားမည်ဖြစ်ပါကြောင်း၊ ရေပက်ခံလာရောက်သူများအား ဌာနဆိုင်ရာများမှ သင်္ကြန်ပွဲတော်ရက်အတွင်း သတ်မှတ်နေ့ရက်အလိုက် စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ပါကြောင်း၊ အတာသင်္ကြန်ပွဲတော်ကို စည်းကမ်းရှိရှိ မြန်မာရိုးရာအစဉ်အလာနှင့်အညီ စည်ကားသိုက်မြိုက်ပျော်ရွှင်စွာ ကျင်းပပေးနိုင်ရန်အတွက် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ပါဝင်သော ကော်မတီအဖွဲ့အလိုက် ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီအဖွဲ့များနှင့် ဌာနဆိုင်ရာများမှ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ကဏ္ဍအလိုက်ဆောင်ရွက်ရမည့် အခြေအနေများ၊ မိမိတို့လုပ်ငန်းကော်မတီများ၏ လိုအပ်ချက်များကိုဆွေးနွေး အကြံပြုတင်ပြကြရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း