ရွှေတောင် ဧပြီ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သရက်တောရပ်ကွက်၊ ပြည်- ရန်ကုန်လမ်း ရွှေတောင်ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မြစိမ်းရောင်ကျေးရွာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းက မြစိမ်းရောင်စီမံကိန်းနှင့် ပတ်သက်သည့် အားသာချက်/ အားနည်းချက်များနှင့် ပတ်သက်သည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မြစိမ်းရောင်ကျေးရွာကော်မတီအတွင်းရေးမှူး၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာအေးချမ်းဝင်းက မွေးမြူရေးနှင့် ပတ်သက်သည့် တိရစ္ဆာန်များတွင်ဖြစ်တတ်သော ရောဂါများ၊ ကာကွယ်ဆေးထိုးနှံမှုများ ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင်များမှ တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ကြပြီး မြစိမ်းရောင် မြို့နယ်စီမံကိန်းကော်မတီဝင်များက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဆုရရှိသောမြစိမ်းရောင် ကျေးရွာစီမံကိန်းကော်မတီဝင် ကျေးရွာအုပ်စုများကို ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)