ပခုက္ကူမြို့နယ်တွင် အသက်တစ်နှစ်မှ ငါးနှစ်အတွင်း ကလေးငယ်များအား Catch Up နည်းလမ်းဖြင့် ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးလျက်ရှိ

ပခုက္ကူ ဧပြီ ၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ အသက်တစ်နှစ်မှ ငါးနှစ်အတွင်း ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် Catch Up နည်းလမ်းဖြင့် ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးလျက်ရှိသည်။

ပခုက္ကူမြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ ဆေးထိုးစုရပ် ခြောက်ခုတို့၌ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစတင်ပြီး  ပိုလီယို၊ ဝက်သက်-ဂျိုက်သိုး၊  ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)နှင့် ဦးနှောက်အမြှေးရောင်ရောဂါများကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးပေးလျက်ရှိရာ ယနေ့အထိ အသက်တစ်နှစ်မှ ငါးနှစ်အတွင်း ကလေးငယ် စုစုပေါင်း ၆၇၂ ဦး ပြီးစီးခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်တွင် Catch Up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံပေးရမည့် အသက်တစ်နှစ်မှ ငါးနှစ်အတွင်း ရည်မှန်းဦးရေမှာ ၅၅၂၃ ဦးရှိပြီး ကျန်ရှိနေသေးသည့် ကလေးငယ်များကို ဧပြီလ ၇ ရက်နေ့အထိ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ယခုကာကွယ်ဆေးကို ကလေးတစ်ဦးလျှင် နှစ်လခြား၍ သုံးကြိမ်စီထိုးနှံပေးရမည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)