ပေါင်းတည်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြပွဲနှင့်ဟောပြောပွဲ ဆောင်ရွက်

ပေါင်းတည် ဧပြီ ၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဧပြီလ (၁) ရက် နေ့လယ်ပိုင်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြပွဲနှင့်ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သရုပ်ပြပွဲနှင့်ဟောပြောပွဲကို မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး၊ မီးလောင်မှုများကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ မဆုံးရှုံးစေရေးနှင့် နိုင်ငံပိုင် အဆောက်အဦများ မီးလောင်ဆုံးရှုံးမှု မရှိစေရေးတို့အတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သရုပ်ပြသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ တက်ရောက်ကြည့်ရှု လေ့လာကြသည်။

သရုပ်ပြပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးစည်သူဝင်း ဦးဆောင်၍ ဒုတိယမြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြိမ်းသတ်ပုံ၊ ရေစိုအဝတ်ဖြင့် မီးငြိမ်းသတ်ပုံတို့ကို ဦးစွာလက်တွေ့သရုပ်ပြသပေးကာ တက်ရောက်လာသူများကို တစ်ဦးချင်းလက်တွေ့ မီးငြှိမ်းသတ်စေခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်မီးသတ်ဦးစီးမှူးက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

သူရကြီး(ပြန်/ဆက် )