မြဝတီ နိုင်ဝင်ဘာ ၅
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မဲရုံအပြင်စည်း၌ လုံခြုံရေး၊ အုပ်ချုပ်ရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအတွက် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မဲရုံအပြင်စည်း၌ မြဝတီခရိုင်ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေး စီမံခန့်ခွဲမှုကော်မတီ၏ အစီအစဉ်ဖြင့်လုံခြုံရေးနှင့်အုပ်ချုပ် မှုဆိုင်ရာကိစ္စရပ်များ စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်၏ အနီးကပ်ကြီး ကြပ်မှုဖြင့် မဲရုံမှူးများ၏လုပ်ငန်းတာဝန်များကိုထမ်းဆောင်ရာတွင်အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်စေရေးအတွက် ယခုကဲ့ သို့ ဆောင်ရွက်ရခြင်း ဖြစ်သည်။
မဲရုံအလိုက် မဲရုံအပြင်စည်းမှာ တာဝန်ချထားမှာက စီမံခန့်ခွဲရေးဝန်ထမ်း(၁)ဦး၊ အုပ်ချုပ်ရေး ကျန်းမာရေးနှင့်ပညာရေးတို့မှ တာဝန်ချထားသူ(၁)ဦးစီနှင့် Volunteer တစ်ဦးစီ ပေါင်း(၆)ဦး၊ ရဲတပ်ဖွဲ့ဝင်တစ်ဦးစီနှင့်အထူးရဲတပ်ဖွဲ့ဝင်တစ်ဦးစီ၊ အရံမီးသတ်(၂)ဦးပေါ့၊ စုစုပေါင်း မဲရုံတစ်ရုံချင်းစီမှာ မဲရုံအပြင်စည်းတာဝန်ချထားမယ့် ဌာနဆိုင်ရာ၊ Volunteer(၁၁)ဦး ကို လုံခြုံရေး၊အုပ်ချုပ်ရေးနှင့်ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များတာဝန်ခွဲဝေအပ်နှင်းနိုင်ရေးစီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေ တို့ကို တွေ့ဆုံညှိနှိုင်ဆွေးနွေးခဲ့တာပါ၊ ဒီအဖွဲ့တွေက မဲရုံအတွင်းမဝင်ဘူး အပြင်ကနေပဲ တာဝန်ထမ်းဆောင်မယ်၊ တကယ်လို့ မဲရုံမှူးက ဥပဒေနဲ့အညီ လိုအပ်လို့ တာဝန်ပေးလာမယ်ဆိုရင်တော့ ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်ဟု မြဝတီခရိုင်အုပ်ချုပ် ရေးမှူး ဦးတေဇာအောင်က ပြောသည်။
မြဝတီမြို့၌ မဲဆန္ဒရှင်ပေါင်း တစ်သိန်းခြောက်သောင်းကျော်ရှိပြီး မဲရုံ ၈၃ ဖြင့် ၂၀၂ဝပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)