ရွှေသဲကုန်းဓမ္မစကူးလ်၌ ကွန်ပျူတာအခြေခံပညာသင်တန်း ဖွင့်လှစ်သင်ကြားပေး

သဲကုန်း ဧပြီ ၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် အရှင်ဣန္ဒ(ရွှေသဲကုန်းဓမ္မစကူးလ်တာဝန်ခံဆရာတော်)ဦးဆောင်မှုဖြင့် ရပ်ကွက်(၄)၊ ပေါက်တောရပ်၊ ရွှေဘုန်းရှိန်ဘုရားလမ်း၊ မင်္ဂလာတိုက်ကျောင်းရှိ ရွှေသဲကုန်းဓမ္မစကူးလ်ကျောင်း၌ ကွန်ပျူတာအခြေခံပညာသင်တန်းကို ဧပြီလ ၂ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းအား သဲကုန်းမြို့နယ်အတွင်းရှိ (Grade-8 မှ Grade-12) ကျောင်းသား၊  ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် ကွန်ပျူတာအခြေခံသင်တန်းအား သင်ယူခြင်းဖြင့် ငယ်စဉ်အခါ ကျောင်းသားဘဝမှစပြီး အချိန်ကို အကျိုးရှိစွာအသုံးချတတ်၍ လူနေမှုဘဝမြင့်မားပြီး အတွေးအခေါ်ကောင်းများကို ကျောင်းသားအချင်းချင်း စုပေါင်းလုပ်ဆောင်တတ်စေရန်၊ ကွန်ပျူတာအခြေခံပညာတတ်မြောက်သည်အထိ စာတွေ့လက်တွေ့သင်ကြားပေးလျက်ရှိပြီး သင်တန်းနည်းပြ(၃)ဦးဖြင့် ဧပြီလ ၂ ရက်မှ ​မေလ(၁၅) ရက်အထိ တစ်ပတ်လျှင် (၄)ရက်၊  နံနက်   နာရီမှ  ၁၀  နာရီ  ၃၀ မိနစ်အထိလည်း​ကောင်း၊ ၁ နာရီခွဲမှ ၃ နာရီ ၃၀ မိနစ်အချိန်အထိ အခမဲ့ စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိသည်။ 

အဆိုပါ သင်တန်းသို့ ကျောင်းသား ၁၃ ဦး၊ ကျောင်းသူ ၁၆ ဦး စုစုပေါင်း ၂၉ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။   

ကိုကျော် (ပြန်/ဆက်)