ပေါင်းတည်၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကျန်းမာရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကျင်းပ

ပေါင်းတည် ဧပြီ ၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၁၀ နာရီက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှဦးဆောင်၍ ကျန်းမာရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်မာလွင်က အဖွင့်အမှာစကားပြောကြားပြီး ဦးဆောင်ဆွေးနွေးရာ မိန်းခလေးငယ်များ၊ ကျောင်းသူများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့်ကလေးမိခင်များ၏ ကျန်းမာရေးဆိုင်ရာများအား တက်ရောက်လာသူများနှင့်ဦးဆောင်ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် အမျိုးသမီးများ၏ ဘဝလုံခြုံရေး၊ လူမှုဘဝတွင် ရင်ဆိုင်နေရသော အခက်အခဲများနှင့်စပ်လျဉ်း၍ ဖြည့်စွတ်ဆွေးနွေးမေးမြန်းမှုများအပေါ်သုံးသပ်၍ ပေါင်းစပ်ညှိနှိုင်းကာ အမျိုးသမီးရေးရာအဖွဲ့မှ ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြကြောင်း သိရသည်။

သူရကြီး(ပြန်/ဆက်)