ရှမ်းရွာသစ် ဧပြီ ၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် နှစ်စဉ်ကျင်းပပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသော ဗုဒ္ဓပူဇနိယပွဲ၊ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့် စုပေါင်းရဟန်းခံရှင်ပြုမင်္ဂလာပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၇)နာရီအချိန်က သန္တိသုခဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို ဧည့်ပရိသတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး ရှမ်းရွာသစ်မြို့ သန္တိသုခဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဦးသုစိတ္တထံ ငါးပါးသီလခံယူ၍ ဩဝါဒကထာ နာယူတော်မူကြသည်
ယင်းနောက် ကြွရောက်တော်မူကြသော ဆရာတော် သံဃာတော် အရှင်သူမြတ်များ၊ ဌာနဆိုင်ရာများနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ပဌာန်းပစ္စယုဒ္ဒေသပါဠိတော်မြတ်ကို သုံးကြိမ်သံပြိုင်ရွတ်ဖတ်ကြပြီး အလှည့်ကျ ရဟန်းသံဃာတော်အရှင်သူမြတ်များက စတင်ကာ ပဌာန်းဒေသနာတော်မြတ်ကြီးကို စတင်ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုဒ္ဓပူဇနိယပွဲ၊ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့် စုပေါင်းရဟန်းခံရှင်ပြု မင်္ဂလာပွဲ ကျင်းပပြုလုပ်ခြင်းကို ဧပြီလ (၂)ရက်နေ့မှ(၇)ရက်နေ့အထိ ကျင်းပပြုလုပ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပျော်ပွဲ၊ ရွှင်ပွဲများဖြင့် စည်စည်ကားကားဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)