တွေ့ဆုံမေးမြန်း-စိုးစိုးအေး၊ ဓာတ်ပုံ-ဝေနိုင်
ဦးစသိန်းကျော်
ညွှန်ကြားရေးမှူး၊ ကရင်ပြည်နယ်ပညာရေးမှူးရုံး
မေး။ ဆရာ့အမည်နဲ့ရာထူးတာဝန်လေးကို ပြောပြပေးပါ။
ဖြေ။ ကျွန်တော့အမည်က ဦးစသိန်းကျော် ဖြစ်ပါတယ်၊ ကရင်ပြည်နယ် ပညာရေးမှူးရုံးက ညွှန်ကြားရေးမှူး ဖြစ်ပါတယ်။
မေး။ ကရင်ပြည်နယ်အတွင်း စာတတ်မြောက်ရေးလှုပ်ရှားမှုဆင့်ပွားသင်တန်းနှင့်ပတ်သက်ပြီး စီစဉ် ဆောင်ရွက်ထားရှိမှုတွေကို ရှင်းပြပေးပါ။
ဖြေ။ ကျွန်တော်တို့ကရင်ပြည်နယ်အတွင်းမှာ စာတတ်မြောက်ရေးလှုပ်ရှားမှု စာသင်ဝိုင်း (၂၀၃)ဝိုင်းမှာ သင်ကြားမည့် စာသင်သားပေါင်း(၂၃၈၇)ဦးရှိပါတယ်၊ စာသင်ဝိုင်းများမှာ သင်ကြားမယ့်နည်းပြများကို ဗဟိုအဆင့်မှာ တက္ကသိုလ်က(၃)ဦး၊ ပညာရေးဒီဂရီကောလိပ်က(၃)ဦး၊ အခြေခံပညာက (၃)ဦး စုစုပေါင်း(၉)ဦးက ဗဟိုနည်းပြများအဖြစ် တက်ရောက်ပြီးတော့ စာသင်ဝိုင်းများမှာ ပြန်လည် သင်ကြားကြမယ့်နည်းပြများကို ဆင့်ပွားပို့ချပေးသွားမှာဖြစ်ပါတယ်၊ ဆင့်ပွားသင်တန်းမှာလည်း ဧပြီလ(၁)ရက်နေ့ကစပြီးတော့ (၃)ရက်နေ့အထိ သင်တန်းကာလ(၃)ရက်တာကာလမှာ ဗဟိုအဆင့်က ပို့ချခဲ့တဲ့အကြောင်းအရာများကို ပြန်လည်ရှင်းလင်းပို့ချသွားမှာ ဖြစ်ပါတယ်၊ ဧပြီလ (၄)ရက်နေ့မှာတော့ စာတတ်မြောက်ရေးလှုပ်ရှားမှု ဖွင့်ပွဲအစီအစဉ်လေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး။ စာတတ်မြောက်ရေးလှုပ်ရှားမှုဆင့်ပွားသင်တန်း ဖွင့်လှစ်ရတဲ့ရည်ရွယ်ချက်ကိုလည်း ပြောပေး ပါဦးရှင့်။
ဖြေ။ တက္ကသိုလ်ကောလိပ်မှကျောင်းသား/သူများ၊ ပညာရေးဒီဂရီကောလိပ်မှကျောင်းသား/သူများ၊ အခြေခံပညာက ဆရာ/ဆရာမများကို စာသင်ဝိုင်းများမှာ သွားရောက်သင်ကြားတဲ့အခါလိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာလေးတွေကို ပြန်လည်ဆင့်ပွားနိုင်ဖို့အတွက် ဒီဆင့်ပွားနည်းပြသင်တန်း လေးကို ဖွင့်လှစ်ရတာ ဖြစ်ပါတယ်။
မေး။ သင်တန်းကာလကိုလည်း သိပါရစေရှင်။
ဖြေ။ သင်တန်းကာလကတော့ ဧပြီလ(၁)ရက်ကနေ (၃)ရက်နေ့အထိ ဖွင့်လှစ်ဖို့စီစဉ်ထားပါတယ်၊ ကျောင်းဆောင်များကိုတော့ ယောက်ျားလေးများကို ဘားအံတက္ကသိုလ် ကျောက်စိမ်းဆောင်နှင့် မိန်းကလေးများကို နဝရတ်ဆောင်မှာ တည်းဖို့ကိုလည်း စီစဉ်ထားပါတယ်၊ (၃)ရက်တာအတွင်း မှာလည်း ကျွေးမွေးဧည့်ခံရေးများကိုလည်း အကုန်စီစဉ်ထားပါတယ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ကလည်း ပံ့ပိုးကူညီပေးထားပါတယ်။
မေး။ ဒီသင်တန်းတက်ခြင်းအားဖြင့် ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေကိုလည်း ပြောပြပေးပါအုံးရှင်။
ဖြေ။ တက္ကသိုလ်ကကျောင်းသား/ကျောင်းသူများနဲ့ ပညာရေးဒီဂရီကောလိပ်က ကျောင်းသား/ ကျောင်းသူများဟာ ဆရာ/ဆရာမများ မဟုတ်ကြသေးတဲ့အတွက် နယ်မြေမှာကွင်းဆင်းပြီး တော့ နည်းပြများ ဆောင်ရွက်သည့်အခါ သင်ကြားသင်ယူမှုလုပ်ငန်းလေးတွေ အဆင်ပြေဖို့အတွက် ဒီနည်းပြဆင့်ပွားသင်တန်းကိုတက်ခြင်းအားဖြင့် သူတို့အတွက် ရပ်ရွာမှာရှိတဲ့ စာမတတ်သေးတဲ့ တိုင်းရင်းသားပြည်သူများကို ကူညီနိုင်မှာဖြစ်ပါတယ်။
မေး။ စာတတ်မြောက်ရေးလှုပ်ရှားမှုဆင့်ပွားသင်တန်း ဖွင့်လှစ်မှုနှင့်ပတ်သက်ပြီး ဖြည့်စွက်ပြောကြား စရာများရှိရင်လည်း ပြောကြားပေးပါဦးရှင်။
ဖြေ။ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာမတတ်တဲ့သူတွေဟာ သူတို့ဘဝမှာ ဆက်လက်ပြီးတော့ ဆောင်ရွက်ဖို့အတွက် ပညာတွေဆိုတာ သင်ယူရပါတယ်၊ အဲ့လိုပညာသင်ယူရာ မှာ စာဟာအခရာဖြစ်တဲ့အတွက် စာတတ်မှသာလျှင် ပညာတွေ သင်ယူလို့ရကြမှာဖြစ်ပါတယ်၊ ဒါကြောင့်မို့တိုင်းရင်းသားပြည်သူများနဲ့ ကျေးလက်နေပြည်သူများ အားလုံး စာတတ်မြောက်ရေးဟာ နိုင်ငံတော်ရဲ့ လှုပ်ရှားမှုအသွင်နဲ့ တစ်နိုင်ငံလုံးမှာ အခုလိုမျိုး ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်၊ အားလုံးကိုကျေးဇူးတင်ပါတယ်။
ဒေါ်ရွှေရည်ထွန်း
လက်ထောက်ညွှန်ကြားရေးမှူး၊ ကရင်ပြည်နယ်ပညာရေးမှူးရုံး
မေး။ ဆရာမရဲ့အမည်နဲ့ရာထူးတာဝန်လေးကို မိတ်ဆက်ပေးပါဦးရှင်။
ဖြေ။ ကျွန်မနာမည်က ဒေါ်ရွှေရည်ထွန်းပါ၊ ကရင်ပြည်နယ်ပညာရေးမှူးရုံးက လက်ထောက်ညွှန်ကြားရေးမှူးဖြစ်ပါတယ်။
မေး။ စာတတ်မြောက်ရေးလှုပ်ရှားမှု ဆင့်ပွားသင်တန်းမှာ ပြန်လည်ပို့ချခွင့်ရတဲ့အပေါ်မှာ ဆရာမရဲ့ အမြင်ကို ပြောပြပေးပါဦးရှင့်။
ဖြေ။ စာတတ်မြောက်ရေးလှုပ်ရှားမှု ဆင့်ပွားသင်တန်းမှာ ပြန်လည်ပို့ချခွင့်ရတဲ့အတွက် ကျွန်မတို့ မြန်မာနိုင်ငံမှာ စာမတတ်တဲ့သူ (၄.၁)သန်းလောက် ကျန်နေပါသေးတယ်၊ အဲ့ဒီမှာ ကျွန်မတို့က စာမတတ်တဲ့သူတွေကို ပြန်လည်ပို့ချမှာဖြစ်တဲ့အတွက် ကုသိုလ်လည်းရပါတယ်၊ ပြီးတော့ သူတို့ရဲ့ လူမှုဘဝအသိပညာတွေ တိုးတက်သွားရင် ကျန်းမာရေး၊ ပညာရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး စတဲ့အသိပညာတွေ အများကြီးရသွားမှာဖြစ်တဲ့အတွက် ကျေနပ် ပျော်ရွှင်မိပါတယ်။
မေး။ ဒီသင်တန်းမှာ သင်တန်းသားဦးရေနဲ့ ကြီးကြပ်မည့် ဆရာ/မအရေအတွက်ကိုလည်း ပြောပြပေးပါဦးရှင့်။
ဖြေ။ သင်တန်းသား(၂၀၃)ဦးနဲ့ ကြီးကြပ်က (၂၆)ဦးရှိပါတယ်။
မေး။ စာတတ်မြောက်ရေးလှုပ်ရှားမှုဆင့်ပွားသင်တန်း ဖွင့်လှစ်မှုနှင့်ပတ်သက်ပြီး ဖြည့်စွက်ပြောကြား စရာများရှိရင်လည်း ပြောကြားပေးပါဦးရှင့်။
ဖြေ။ ကျွန်မတို့က ဒီသင်တန်းကို(၃)ရက်တာကျင်းပမှာ ဖြစ်ပါတယ်၊ သင်တန်းပြီးသွားတဲ့အခါ ဒီမှာရှိတဲ့ တက္ကသိုလ်/ကောလိပ်၊ အခြေခံပညာကျောင်းများမှ နည်းပြများက တာဝန်ကျရာစာသင်ဝိုင်းတွေမှာ ရက်(၄၀)ဖြစ်ပါတယ်၊ ဧပြီလ(၆)ရက်နေ့ကစပြီးတော့ မေလ(၁၅)ရက်နေ့အထိ တစ်နေ့ကို စာသင်ချိန် (၃)နာရီ၊ စုစုပေါင်းစာသင်ချိန်(၁၂၀)နာရီ ပို့ချပေးရမှာဖြစ်ပါတယ်၊ ဒီလိုပို့ချပေးရုံတင်မကဘဲ စာစသင်တဲ့နေ့ကစပြီး (၁၀)ရက်မြောက်နေ့မှာ စာသင်သားတွေကို ဆန်းစစ်လွှာများနဲ့ နည်းပြ များက စစ်ဆေးမှာဖြစ်ပါတယ်၊ စာသင်ရက် ရက်ပေါင်း(၃၀)ရှိလာတဲ့အခါ စာသင်တဲ့နည်းပြတွေကို သူတို့ရဲ့ကြီးကြပ်များက ဆန်းစစ်လွှာနဲ့ စစ်ဆေးမှာဖြစ်ပါတယ်၊ စာသင်ရက် ရက်ပေါင်း(၄၀) ပြည့်သွားတဲ့အခါမှာတော့ မြန်မာစာနဲ့ အင်္ဂလိပ်စာကို ဆန်းစစ်လွှာများနဲ့ စစ်ဆေးသွားမှာဖြစ်ပါတယ်၊ အမှတ်တွေခြစ်ရမယ်၊ ပြီးရင် ကျွန်မတို့ကအဲ့ဒီစာရင်းတွေကိုကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာနကို ပို့ပေးရမှာ ဖြစ်ပါတယ်၊ အဲ့ဒါဆိုရင်ကျွန်မတို့ရဲ့ စာမတတ်သူပပျောက်ရေး လှုပ်ရှားမူ အကောင်အထည်ဖော် တာ အောင်မြင် မှာဖြစ်ပါတယ်၊ ကျေးဇူးတင်ပါတယ်ရှင်။
ဦးမင်းဇော်သက်ဦး
နည်းပြ၊ ဘားအံပညာရေးဒီဂရီကောလိပ်၊ သင်္ချာဌာန
မေး။ ဆရာ့အမည်နဲ့ရာထူးတာဝန်လေး ပြောပြပေးပါဦးရှင့်။
ဖြေ။ ကျွန်တော့အမည်က ဦးမင်းဇော်သက်ဦးဖြစ်ပါတယ်၊ ဘားအံပညာရေးဒီဂရီကောလိပ် သင်္ချာဌာနက နည်းပြတစ်ဦးဖြစ်ပါတယ်၊ ကျွန်တော်က နေပြည်တော်မှာ နည်းပြဗဟိုသင်တန်းတက်ရောက်ပြီး တော့ ဆင့်ပွားသင်တန်း ပြန်ပို့ချရမှာဖြစ်ပါတယ်။
မေး။ ဒီဆင့်ပွားသင်တန်းပြီးသွားရင် ဘယ်မြို့နယ်တွေမှာ သွားရောက်ပို့ချရမှာပါလဲရှင့်။
ဖြေ။ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်(၇)မြို့နယ်မှာ ရှိတဲ့စာသင်ဝိုင်းတွေမှာ စာမသင်ခဲ့ဘူးတဲ့ အရေ အတွက်ပေါ်မူတည်ပြီးတော့ စာသင်ဝိုင်းတွေဖွဲ့ပြီး သင်ကြားရမှာဖြစ်ပါတယ်။
မေး။ ဒီဆင့်ပွားသင်တန်းပြီးတဲ့အခါမှာ ရရှိလာမယ့်အကျိုးကျေးဇူးတွေနဲ့ နည်းပြအဖြစ်ဆောင်ရွက်ရတဲ့ ဝမ်းသားပီတိကိုလည်း ပြောပြပေးပါဦးရှင့်။
ဖြေ။ ရရှိလာမယ့်အကျိုးကျေးဇူးတွေကတော့ အများကြီးပါဘဲ၊ စာတတ်မြောက်ရေးက အခြေခံစာတွေ ဖြစ်တယ်၊ ပညာရေးဒီဂရီကောလိပ်မှာ အထက်တန်းစာတွေသင်ရတယ်၊ ဗဟိုမှာသင်တန်းတက်ရ တဲ့အခါ အခြေခံစာတွေကို အသေးစိတ်သိခဲ့ရတယ်၊ စာမတတ်သူပပျောက်ရေးသင်ကြားမှုတွေက ကျောင်းတွင်းပညာရေးနဲ့မတူပါဘူး၊ ကျောင်းပြင်ပပညာရေးဖြစ်တဲ့အတွက် ဝလုံးကနေစသင်ရပါ တယ်၊ ဒီလုပ်ငန်းကို ပါဝင်ဆောင်ရတဲ့ပီတိကတော့ ပြောမပြတတ်အောင် ဖြစ်ရပါတယ်၊ ဆင့်ပွား သင်တန်းပြန်လည်ပို့ချရတဲ့အတွက် နယ်ကိုရောက်တဲ့အခါမှာ စာမတတ်တဲ့သူတွေကို သင်ပေးရ တဲ့အတွက် အင်မတန်ပီတိဖြစ်ရပါတယ်။
မေး။ ဆရာ့အနေနဲ့ ဒီဆင့်ပွားသင်တန်းပြီးရင် ဘယ်မြို့နယ်တွေက စာသင်ဝိုင်းတွေမှာ သွားရောက် သင်ကြားပေးရမလဲရှင့်။
ဖြေ။ ကျွန်တော်တို့က ဒီဘားအံမြို့နယ်ဘဲ ဖြစ်နိုင်ပါတယ်၊ တစ်ခြားကြီးကြပ်တွေကတော့ တစ်ခြား မြို့နယ်တွေကို သူတာဝန်နဲ့သူ သွားရောက်သင်ကြားပေးရမှာဖြစ်ပါတယ်။
မေး။ စာတတ်မြောက်ရေးလှုပ်ရှားမှုဆင့်ပွားသင်တန်း ဖွင့်လှစ်မှုနှင့်ပတ်သက်ပြီး ဖြည့်စွက်ပြောကြား စရာများရှိရင်လည်း ပြောကြားပေးပါဦးရှင်။
ဖြေ။ ဖြည့်စွက်ပြောကြားလိုတာကတော့ ပရဟိတစိတ်ဓာတ်ရှိတဲ့သူတိုင်း ပညာရေးနဲ့ ပတ်သက်တဲ့ ဝန်ထမ်းတွေဘဲဖြစ်ဖြစ် ကျွန်တော်တို့ကို လာပြီးတော့ ဝိုင်းကူပေးလို့ရပါတယ်လို့ ပြောကြားချင် ပါတယ်။
ဒေါ်နန်းခင်လှ
ကျောင်းအုပ်ဆရာမကြီး၊ ကော့သန်ခါကျေးရွာအုပ်စု၊ အ-မ-က(ဆင်ကုန်း)
မေး။ ဆရာမကြီးရဲ့နာမည်ရယ်၊ တာဝန်ကျတဲ့ကျောင်းကိုလည်း ပြောပြပေးပါဦးရှင့်။
ဖြေ။ ကျွန်မနာမည်က ဒေါ်နန်းခင်လှပါ၊ ကော့သန်ခါကျေးရွာအုပ်စု၊ အ-မ-က(ဆင်ကုန်း)ကျောင်းရဲ့ ကျောင်းအုပ်ဆရာမကြီးဖြစ်ပါတယ်။
မေး။ ဒီဆင့်ပွားသင်တန်းကို လာတက်ရောက်ဖြစ်တဲ့ ရည်ရွယ်ချက်လေး ပြောပြပေးပါဦးရှင့်။
ဖြေ။ အခုလို အခြေခံစာတတ်မြောက်မှုဆင့်ပွားသင်တန်း လာတက်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်မတို့ ရွာမှာဆိုရင် စာမတတ်တဲ့မိဘတွေ၊ အသက်အရွယ်ကြီးသူတွေရှိလို့ ပြန်လည်သင်ကြားပေးနိုင်ရန် အတွက် ဒီသင်တန်းလေးကို လာတက်ရောက်ရခြင်းဖြစ်ပါတယ်။
မေး။ ဒီဆင့်ပွားသင်တန်းပြီးသွားရင် ဘယ်နေရာတွေမှာ ပြန်လည်ပို့ချဖို့ ရှိပါသလဲ။
ဖြေ။ ဒီသင်တန်းပြီးသွားရင် ကျွန်မတို့ကော့ဒွန်းရွာမှာ စာသင်ဝိုင်း(၂)ဝိုင်း၊ လူဦးရေ(၂၀)ရှိတဲ့အတွက် ကျွန်မရွာမှာဘဲ ပြန်သင်ရမှာဖြစ်ပါတယ်။
မေး။ စာတတ်မြောက်ရေးလှုပ်ရှားမှုဆင့်ပွားသင်တန်းနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောကြား စရာများရှိရင် လည်း ပြောကြားပေးပါဦးရှင်။
ဖြေ။ အခုလိုမိဘပြည်သူတွေ၊ အသက်ကြီးပိုင်းစာမတတ်တဲ့မိဘတွေ စာတတ်မြောက်မှုရရှိအောင် ဒီလိုမျိုး နိုင်ငံတော်အစိုးရက လုပ်ပေးတဲ့အတွက် ဆရာမတို့လည်း အထူးဝမ်းသာဂုဏ်ယူမိပါတယ် ရှင်၊ ဒီဆင့်ပွားသင်တန်းပြီးရင် ကျွန်မရွာမှာ စာမတတ်တဲ့ မိဘတွေကို ပြန်သင်ပေးမယ်၊ သူတို့တွေ လည်း အသိပညာ၊ အတတ်ပညာတွေ ရရှိသွားမယ်လို့ထင်ပါတယ်၊ ကျေးဇူးတင်ပါတယ်ရှင်။