မဲရုံများတွင် အသုံးပြုမည့် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အထောက်အကူ ပစ္စည်းများနှင့် ဆန္ဒမဲလက်မှတ်များ ထုတ်ပေး

ဝါးခယ်မ နိုဝင်ဘာ ၅

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပသွား မည်ဖြစ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်အတွင်းရှိ မဲရုံ ၃၃၃ ရုံ၌ အသုံးပြုမည့် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အထောက်အကူ ပစ္စည်းများနှင့် ဆန္ဒမဲလက်မှတ်များကို ယနေ့နံနက်မှ စတင်ကာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မဲရုံအသီးသီးမှ တာဝန်ရှိသူများ၊ ဆန္ဒမဲ လာရောက်ပေးကြမည့် ပြည်သူများအနေဖြင့် ဆန္ဒမဲပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်မှု များနှင့်အညီ ဆန္ဒမဲပေးနိုင်ရေးအတွက် အထောက်အကူပြုပစ္စည်းများဖြစ်သော နှာခေါင်းစည်း (Mask) များ၊ လက်သန့်ဆေးရည်များနှင့် အခြားသော အထောက်အကူပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများထံသို့ လက်ဝယ်အရောက် ထုတ်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ဝါးခယ်မမြို့နယ်အနေဖြင့် မဲရုံ ၃၃၃ ရုံ ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၂၂၇၈၈၇  ဦး ရှိကာ နိုဝင်ဘာ ၈ ရက်နေ့တွင် အသုံးပြုမည့် မဲဆန္ဒရှင် ပြည်သူများ၏ ဆန္ဒမဲလက်မှတ်များကိုလည်း တစ်ပါ တည်း ထုတ်ပေးခဲ့ကြောင်း သိရသည်။

လွှမ်းသီဟ(ပြန်/ဆက်)