ထားဝယ်မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်တားဆီးရေး အသံချဲ့စက်ဖြင့် သတိပေးနှိုးဆော်

ထားဝယ်       ဧပြီ   ၂

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်တားဆီးရေးအတွက် သတိပေးနှိုးဆော်ခြင်းကို မီးသတ်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ယမန်နေ့ ညနေပိုင်းက ရပ်ကွက်များတွင်း လှည့်လည်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ သတိပေးနှိုးဆော်ခြင်းကို မြို့နယ်အတွင်းမီးလန့်မှု၊ မီးလောင်မှုများလျော့နည်းစေရေး၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးတို့ကို ရည်ရွယ်ကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အိမ်တိုင်းအိမ်တိုင်းတွင် တောင့်တင်းခိုင်မာသောမီးချိတ်၊ မီးကပ်၊ လှေကားနှင့် သဲပုံး၊ ရေပုံး မီးသတ်ဆေးဘူးတို့ကို ပြည့်စုံစွာထားရှိရန်၊ မိမိတို့နေအိမ်များတွင် မီးလောင်လွယ်သောလောင်စာဆီများဖြစ်သည့် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ရေနံဆီနှင့် အခြားမီးလောင်လွယ်သော ဓာတုဗေဒပစ္စည်းများကို ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားရှိခြင်း၊ သိုလှောင်ရောင်းချခြင်း လုံးဝမပြုလုပ်ရန်၊ အသက်အရွယ်ကြီးရင့်သူများ၊ ကလေးသူငယ်များ၊ စိတ်မနှံ့သူများအား ဖယောင်းတိုင်မီး၊ မီးဖိုမီးများကို ကိုင်တွယ်သုံးစွဲခြင်း မပြုရန်၊ နေအိမ်များနှင့် လုပ်ငန်းများတွင် လျှပ်စစ်မီးသုံးစွဲသူများအနေဖြင့် မီးကြိုးများကောင်းမွန်စေရန် အမြဲတမ်းပြုပြင်ထားရှိရန်၊ လျှပ်စစ်မီးသုံးစွဲသူများအနေဖြင့် အပြင်သွားလျှင်ဖြစ်စေ၊ နေအိမ်တွင် လူမရှိလျှင်ဖြစ်စေ လျှပ်စစ်မိန်းချထားရန်၊ နေအိမ်အတွင်း ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်လျှင် ဖြစ်စေ၊ ခြင်ဆေးခွေထွန်းလျှင်ဖြစ်စေ မီးမလောင်နိုင်သော အောက်ခံခွက်ထားရှိရန်၊ မီးသတ်ဦးစီးဌာန၏ အရေးပေါ်တယ်လီဖုန်းနံပါတ် “191" အား အိမ်တိုင်းတွင် ထားရှိသွားရန် စသည့်အချက်များကို အသံချဲ့စက်ဖြင့်  လှည့်လည်သတိပေးနှိုးဆော်ခဲ့ကြသည်။

ငွေဇင်ယော်(ထားဝယ်)