လိပ်သို ဧပြီ ၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများ၊ ကျန်းမာရေးဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က လိပ်သိုတိုက်နယ်ကျန်းမာရေးဌာန၌ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ကိုယ်ဝန် ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းတွင် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်စောင့်ရှောက်မှုကို စနစ်တကျခံယူရန်၊ မိမိကြိုက်နှစ်သက်ရာ အစားအစာများကို ရွေးချယ်စားသုံးခြင်းမပြုဘဲ အစာအဟာရ (၃) အုပ် စုကို မျှတပြည့်၀စွာ စားသုံးရန်စသည့် ကျန်းမာရေးအကြောင်း သိကောင်းစရာများကို လည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးနှင့်ပတ်သက်၍ ရှောင်ရန်၊ ဆောင်ရန်အချက်များ စသည်ဖြင့် အသိပညာပေးဆွေးနွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအားမေးခိုင်ရောဂါနှင့် ဆုံဆို့နာရောဂါကာကွယ်ဆေးများ ထိုးပေးခြင်း၊ Mebendazole 500 mg သံချဆေး တိုက်ကျွေးပေးခြင်း၊ ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ အရပ်တိုင်းပေးခြင်းနှင့် သွေးပေါင်ချိန်များတိုင်းတာပေးခြင်း စသည့်လိုအပ်သောကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)