မြိတ် ဧပြီ ၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် မြိတ်ခရိုင်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့်တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းကို ယနေ့နံနက်(၈)နာရီက အ.ထ.က(၁)မြိတ် ပညာ့ဗိမာန်ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
သင်တန်းကို အကြောင်းအမျိုးမျိုးကြောင့် ငယ်စဉ်က မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားခဲ့ရသူများ၊ ကျောင်းမနေခဲ့ရသူများ၊ လူဦးရေနှင့် သန်းခေါင်စာရင်းအရ စာမတတ်သူ ကျေးလက်ဒေသနေ ပြည်သူများနှင့် အစွန်အဖျားဒေသရှိ ပြည်သူများအားလုံး စာတတ်မြောက် ရေး၊ တိုင်းရင်းသားပြည်သူများ နိုင်ငံသားများ၏ လူမှုဘဝမြင့်မားရေးအတွက် အခြေခံစာတတ်မြောက်ရန်နှင့် တာဝန်သိနိုင်ငံသားကောင်းဆိုင်ရာ အခြေခံအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်သည်။
သင်တန်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး ခရိုင်ပညာရေးမှူး ဒေါ်လှလှအေးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းတွင် ဆွေးနွေးပို့ချမည့် ဆရာကြီး၊ ဆရာမကြီးများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။ ဆက်လက်၍ အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းနှင့် ပတ်သက်သည့် “ မနီ ပြုံးနိုင်ပြီ ” အသိပညာပေး ဗီဒီယိုကလစ် ပြသခဲ့ကြရာ တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ မြိတ်တက္ကသိုလ်ပါမောက္ခချုပ်၊ ခရိုင်ပညာရေးမှူးနှင့် ဆရာ/မများ၊ သင်တန်းသား/သူများက ကြည့်ရှုအားပေးခဲ့ကြသည်။
သင်တန်းကို မြိတ်တက္ကသိုလ်၊ မြိတ်၊ ကျွန်းစု၊ တနင်္သာရီ၊ ကော့သောင်းမြို့နယ်များမှ သင်တန်းသား ဆရာ/မ(၁၂၁)ဦးတက်ရောက်ခဲ့ကြ၍ မတ်လ(၂)ရက်မှ(၄)ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကာ အခြေခံစာတတ် မြောက်ရေးလုပ်ငန်း သင်ခန်းစာများကို သင်တန်းနည်းပြ(၅)ဦးမှ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ပြီး ဧပြီလ(၆)ရက် မှမေလ(၁၅)ရက်အထိ ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများစာတတ်မြောက်ရေးအတွက် မြို့နယ်များအလိုက်ရပ်ရွာလူမှုအခြေပြု၊ လုပ်ငန်းခွင်အခြေပြု၊ မိသားစုအခြေပြုပုံစံ စာသင်ဝိုင်းများဖြင့် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)