တောင်တွင်းကြီးမြို့ ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာရွှေအင်းတောင်စေတီတော်မြတ်ကြီး၏ (၁၁၉၄)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲနှင့် ဆွမ်းသပိတ်လောင်းလှူပွဲ ကျင်းပ

တောင်တွင်းကြီး ဧပြီ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ဂုဏ်ဆောင် ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာရွှေအင်းတောင်စေတီတော်မြတ်ကြီး၏ နှစ်စဥ်ကျင်းပမြဲဖြစ်သော (၁၁၉၄)နှစ်ပြည့် ဗုဒ္ဓပူဇနိယ(တပေါင်း)ပွဲတော်ဖွင့်ပွဲကို ယမန်နေ့နံနက် (၈)နာရီက ရွှေအင်းတောင်စေတီမြတ်ကြီး၏ ရင်ပြင်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တမာနိတ၊ တောင်တွင်းကြီးတပ်နယ်မှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနိုင်၊ နယ်မြေခံတပ်မှူး ဗိုလ်မှူးကြီး ကျော်သန်းဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၊ ရွှေအင်းတောင်စေတီမြတ်ကြီးဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစံသိန်းနှင့် တာဝန်ရှိသူများက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ဇယန္တောဗောဓိယာအစရှိသည့် အောင်ဂါထာကို သုံးကြိမ်ရွတ်ဆိုကာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ဆွမ်းသပိတ်လောင်းလှူပွဲကိုကျင်းပရာ မကွေးတိုင်းဒေသကြီး သံဃာ့နာယကအကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တမာနိတအမှုပြုသော မြို့ပေါ်ကျောင်းတိုက်ပေါင်း (၅၇)တိုက်မှ ဝါဆိုသံဃာတော်အပါး (၃၀၀)ကျော်တို့အား ဌာနဆိုင်များ၊ မြို့ပေါ် (၁၀) ရပ်ကွက်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ စေတနာရှင်ပြည်သူများက ဆွမ်းသပိတ်၊ ဆွမ်းဟင်းချိုင့် စသည့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြပြီး လှူဒါန်းမူအစုစုတို့အတွက် သာဓုအနုမောဒနာတရားနာကြားကာ ရေစက်သွန်ချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)