တောင်တွင်းကြီး ဧပြီ ၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ဈေးများ မီးလောင်ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက ရွှေကြာအင်း(၁) ရပ်ကွက်ရှိ မြို့မဈေးကြီး၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထိန်လင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစောမောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဈေးတာဝန်ခံများနှင့် တာဝန်ရှိသူများတို့က ပွင့်လင်းရာသီကာလ၌ ဈေးဆိုင်ခန်းများတွင် မီးသတ်ဆေးဘူးများ စနစ်တကျထားရှိခြင်း ရှိ/မရှိ၊ မီးသတ်ဆေးဘူးများ ကောင်းမွန်ခြင်း ရှိ/မရှိ၊ ဆိုင်ခန်းများတွင် တပ်ဆင်ထားသည့် လျှပ်စစ်မီးကြိုးများ ကောင်းမွန်ခြင်း ရှိ/မရှိ၊ မြို့မဈေးအတွင်း၌ မီးငြှိမ်းသတ်ရေးအတွက်ဆောင်ရွက်ထားရှိသော ရေလှောင်ကန်များ၊ အမြင့်တင်ရေစင်များ၊ မီးချိတ်/မီးကပ်၊ မီးသတိပေးစာတမ်းများ၊ လျှပ်စစ်ဝါယာသွယ်တန်းမှုစနစ်များ ကောင်းမွန်ခြင်းရှိ/မရှိတို့အား စစ်ဆေးဆောင်ရွက်ခဲ့ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)