ပခုက္ကူ ဧပြီ ၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေဝင်ရောက်သည့် ကျွန်းမြေများ၊ ယာမြေများပေါ်တွင် စိုက်ပျိုးသည့် ဆောင်းသီးနှံများ ရိတ်သိမ်းလျက်ရှိပြီး ယခုနှစ်တွင် ထောပတ်ပဲ(ထောဖြူ)များ ဈေးကောင်းရရှိကြောင်း သိရသည်။
“ဆောင်းသီးနှံဖြစ်တဲ့ ထောပတ်ပဲ(ထောဖြူ)စိုက်တယ်၊ ယခင်နှစ်နဲ့နှိုင်းယှဉ်ရင် အထွက်နှုန်းတော့ကျတယ်၊ အဓိကဓာတ်မြေဩဇာဈေးကြီးတော့ လိုသလောက် မစိုက်နိုင်ခဲ့လို့ အထွက်နှုန်းကလည်း သုံးပုံတစ်ပုံလောက်ကျတယ်။ ဒါပေမယ့် ထောပတ်ပဲ(ထောဖြူ)ဈေးက မတ်လနှင့် ယခုဧပြီလဆန်းပိုင်းအထိ တစ်တင်းကို အနည်းဆုံး ငွေကျပ် ၈၇၂၀၀ ကျပ်ကနေ ၁၁၃၀၀၀ ကျပ်အတွင်းရှိတယ်။ ယခုလိုဈေးကောင်းရရှိတော့ တွက်ချေကိုက်ပါတယ်။ ယခင်နှစ်တုန်းက ထောပတ်ပဲ(ထောဖြူ) တစ်တင်းဈေးနှုန်းက ၄၆၉၀၀ ကျပ်ဝန်းကျင်ရှိခဲ့တယ်”ဟု ရေလယ်ကျွန်းကျေးရွာတစ်ရွာမှ တောင်သူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရှိရသည်။
ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်သည့် ကျွန်းမြေနှင့် ယာမြေများ၌ ထောပတ်ပဲ(ထောဖြူ)အပြင် ပဲအမျိုးမျိုး၊ စီပီပြောင်း၊ ဟင်းသီးဟင်းရွက်၊ သီးပင်စားပင်မျိုးစုံနှင့် နေကြာပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)