ပလောက် ဧပြီ ၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာနအားမူလအမည်ဖြစ်သည့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနအမည်သို့ ၂၀၂၄ ခုနှစ်၊ ဧပြီ(၁)ရက်နေ့မှ စ၍ ပြောင်းလဲပြင်ဆင်သတ်မှတ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၇၉/၂၀၂၄) ပြောင်းလဲ ပြင်ဆင်သတ်မှတ်ချက်အရ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့မြေစာရင်းဦးစီးဌာနရုံးတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအား ကြေးတိုင်နှင့်မြေ စာရင်းဦးစီးဌာနအမည်သို့ ဌာနအမည် ပြင်ဆင်ပြောင်းလဲခြင်းနှင့် ရုံးဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဌာနအမည်ပြောင်းလဲခြင်းနှင့်ရုံးဆိုင်း ဘုတ်တင်ပွဲအခမ်းအနားတွင် ပလောက်မြို့ မြေစာရင်းဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မိသားစုဝင်များ၊ဧည့်ပရိသတ်များက သံဃာတော်ရှင်သူမြတ်များအား အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဘုရားကြီးကျောင်းတိုက် ဆရာတော်မှ ဌာနအမည်ပြောင်းလဲခြင်းနှင့် ရုံးဆိုင်းဘုတ်တင်ပွဲအလှူအတွက် အနုမောဒနာ တရားချီးမြှင့်၍ သံဃာတော်အရှင်သူမြတ်များမှ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ခဲ့ပြီး ရေစက်ချအမျှပေးဝေခဲ့ကြသည်။ ယင်းနောက် ပလောက်မြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်နှင့်မြို့ အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့မြေစာရင်းဦးစီးမှူးတို့က ဆိုင်းဘုတ်သစ်အား အန္တရာယ်ကင်းပရိတ် ရေများဖြင့်ပက်ဖျန်း၍ ရုံးဆိုင်းဘုတ်အသစ်အား ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
နှင်းမြူလွင်(ပလောက်)