ဘားအံ ဧပြီ ၂
ကရင်ပြည်နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂၀)စက်မှုလယ်ယာစခန်း၊ ဘားအံမြို့မှ လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၈ နာရီက ဘားအံမြို့နယ်၊ ခြံကလေးကျေးရွာ၊ ခြံကလေးအောင်ရတနာကျောင်း၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်က သင်တန်းသားများအနေဖြင့် သင်တန်းမှ ရရှိခဲ့သည့် အတွေ့အကြုံ၊ အသိပညာ၊ ဗဟုသုတများကို အသုံးချပြီး လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရာတွင် အစွမ်းကုန်ပါဝင် ဆောင်ရွက်ပြီး မိမိတို့ဒေသ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလို ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်တို့က သင်တန်းထူးချွန်ဆုရရှိကြသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြပြီး သင်တန်းဆင်း အောင်လက်မှတ်များပေးအပ်ချီးမြှင့်ကြရာ သင်တန်းဆင်း သင်တန်းသားများကိုယ်စား သင်တန်းသား တစ်ဦးကကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် သင်တန်းဆင်းသင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)