မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းအတွင်းရှိ ပြည်သူများ အရည်သွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုများရရှိစေရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားတက်ရောက်

မကွေး ဧပြီ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးစီးကျင်းပသော မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ အရည်သွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုများရရှိစေရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးတင့်လွင်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ ပုဂ္ဂလိကဆေးရုံများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုအားလုံး ပြည်သူ့ကျန်းမာရေးကဏ္ဍတင်သာမက ကုသရေးကဏ္ဍတွေပါ အစုံအလင်ပါတဲ့ အရည်သွေးပြည့်မီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေရရှိစေဖို့ ယခုလို အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း၊  ဒီနေ့မှာဆွေးနွေးသွားမယ့် ကဏ္ဍအသီးသီးအတွက် ကျန်းမာရေးပညာရှင်များ၊ ခရိုင်မြို့နယ်များမှ ကျန်းမာရေးအလွှာအသီးသီးရဲ့ ကိုယ်စားလှယ်များအနေဖြင့် ပြည်သူများအတွက်သာမက ကျန်းမာရေးစနစ်အတွက်လဲ အထောက်အကူဖြစ်စေနိုင်မည့် သဘောထားမှတ်ချက်တွေ ထွက်ပေါ်လာနိုင်စေရေး အင်တိုက်အားတိုက် ဆွေးနွေးပေးကြစေလိုကြောင်းနှင့် ဒေသတွင်းမူဝါဒများမှသည် စံနမူနာပြမူဝါဒများ ချမှတ်နိုင်သည်ထိ မျှော်မှန်းထားတာမို့ အားဖြည့် အကောင်အထည်ဖော်ပေးကြစေလိုကြောင်း၊  ကျန်းမာရေးသည် လူသားတိုင်းအတွက် ထိုက်တန်တဲ့ရတနာဖြစ်တာမို့ တို့ပြည်သူတွေအတွက် ပြည်သူများကျန်းမာစေဖို့ ကြိုးစားဆောင်ရွက်ပေးနေကြပါသော ကျန်းမာရေးဌာနမှ တာဝန်ရှိသူအားလုံး၊ ပေါင်းစည်းဆောင်ရွက်နေကြသော ဌာနအသီးသီးမှတာဝန်ရှိသူများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကဆေးရုံဆေးခန်းများစသည့် တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြို့နယ်ဆေးရုံများအတွက် အောက်ဆီဂျင်အိုးများကို ပေးအပ်လှူဒါန်းရာ မြို့နယ်ဆေးရုံများကိုယ်စား မကွေးသင်ကြားရေးဆေးရုံအုပ်ကြီးက လက်ခံရယူခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆေးရုံတိုင်းတွင်သတ်မှတ်အဆင့်နှင့် လျော်ညီသောအရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုများရရှိစေရန်ကာကွယ်ဆေးထိုးလုပ်ငန်းများ ရာနှုန်းပြည့်ရရှိစေရန်နှင့် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများ စောင့်ကြပ်ကြည့်ရှုမှု စဉ်ဆက်မပြတ် ဆောင်ရွက်ပြီးဖြစ်ပွားမှုမှ ကာကွယ်ရန်မိခင်နှင့်ကလေးများ သေဆုံးမှုကို လျှော့ချတားဆီးရန် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ အပါအဝင် သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာစေရန်နှင့် ပြည်သူများကျန်းမာရေးကို ထောက်အကူပြုသည့် နေထိုင်စားသောက်မှုဆိုင်ရာ အလေ့အထကောင်းများ လိုက်နာလာပြီး အနာရောဂါကင်းစွာ သက်တမ်းစေ့နေထိုင်လာနိုင်စေရန် စသည့် ခေါင်းစဉ်များကို ကျန်းမာရေးပညာရှင်များ၊ လူမှုရေးဆိုင်ရာမိတ်ဖက်များနှင့် ခရိုင်/မြို့နယ်အသီးသီးမှ ကျန်းမာရေးကိုယ်စားလှယ်များက ဆွေနွေးခဲ့ကြကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)