ဝါးခယ်မ ဧပြီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့၊ ဗုဒ္ဓမြတ်စွယ်တော် မူလဒါယကာဖြစ်သော ဝါးခယ်မနွယ်ဖွား နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းဦးနု၏ မူရင်းဓာတ်ပုံကို သမီးဖြစ်သူ ဆရာမကြီး ဒေါ်သန်းသန်းနုက သကျမဟာသီရိဘုရားကြီး အရုဏ်ခံတန်ဆောင်းတော်အတွင်းရှိ စွယ်တော်တိုက်တွင် ချိတ်ဆွဲထားရှိနိုင်ရန်အတွက် ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်သာသနာရေးမှူးက လက်ခံရယူခဲ့ပြီး ဝါးခယ်မမြို့ အရုဏ်ခံဝတ်အသင်း ဂေါပကအဖွဲ့ထံ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းဦးနုသည် မြတ်စွယ်တော်တစ်ဆူကို နိုင်ငံတော်ဝန်ကြီးချုပ် တာဝန်ယူစဥ် ၁၉၅၃ ခုနှစ်က သီရိလင်္ကါနိုင်ငံမှ ပင့်ဆောင်လာခဲ့ပြီး ၎င်း၏နေ့အိမ်တွင် အပူဇော်ခံထားရှိခဲ့ရာ ၁၃၄၂ ခုနှစ်တွင် ဝါးခယ်မမြို့အရုဏ်ခံဝတ်အသင်းဥက္ကဋ္ဌ ပန်းကန်လုံး ဦးအေးမောင်ဦးဆောင်သော ဂေါပကအဖွဲ့က သကျမဟာသီရိဘုရားကြီးအရုဏ်ခံ တန်ဆောင်းတော်အတွင်းရှိ စွယ်တော်တိုက်သို့စတင်၍ ပင့်ဆောင်ပူဇော်ခဲ့ကြောင်းသိရသည်။
ဗုဒ္ဓမြတ်စွယ်တော် ဗုဒ္ဓပူဇနိယပွဲတော်ကို ၁၃၄၅ ခုနှစ်က စတင်ကျင်းပခဲ့ရာ ယခုနှစ်ဆိုလျင်(၄၁)ကြိမ်မြောက် ရှိပြီဖြစ်၍ ဗုဒ္ဓမြတ်စွယ်တော် ဗုဒ္ဓပူဇနိယပွဲတော်ကို ၁၃၈၅ ခုနှစ် တပေါင်းလဆန်း ၇ ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)