ပုသိမ် ဧပြီ ၂
ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင် ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးပညာရေးမှူးနှင့် သင်တန်းသား ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က "အကြောင်းအမျိုးမျိုးကြောင့် ငယ်စဉ်က မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားခဲ့ရသူများနှင့် ကျောင်းမနေခဲ့ရသည့်စာမတတ်သူ ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်စေရန်အတွက် စာတတ်မြောက်ရေးလုပ်ငန်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဗဟိုအဆင့်နည်းပြသင်တန်း တက်ရောက်ခဲ့သည့် ဆရာ၊ ဆရာမများမှ တိုင်းဒေသကြီးအဆင့် ဆင့်ပွားသင်တန်းကို ပို့ချသွားမည်ဖြစ်ပြီး မြို့နယ်အဆင့် ဆင့်ပွားသင်တန်းများကိုလည်း ဆက်လက်ပို့ချသွားမည်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ဧပြီလ(၈)ရက်နေ့မှ မေလ(၁၉)ရက်နေ့ထိ သက်ဆိုင်ရာ စခန်းအသီးသီးရှိ စာသင်ဝိုင်း (၁၇၇၁)ဝိုင်းတွင် စာသင်သား (၂၅၀၁၆)ဦးအား ဆရာ၊ ဆရာမ (၁၇၇၁)ဦး၊ ကြီးကြပ် (၂၁၇)ဦးတို့က ရက်ပေါင်း(၄၀)ကြာ တစ်နေ့လျှင် ပျမ်းမျှ(၃)နာရီနှုန်းဖြင့် နာရီပေါင်း(၁၂၀) သင်ကြားပို့ချသွားမည်ဖြစ်ပါကြောင်း၊ အခြေခံစာတတ် မြောက်ရေးလုပ်ငန်း သင်ထောက်ကူပစ္စည်းများ အချိန်မီဖြန့်ဝေ ဆောင်ရွက်ရေး၊ ဆရာ၊ ဆရာမများ၏ နေထိုင်၊ စားသောက်ရေးများ အဆင်ပြေစေရေးအတွက် ကြိုတင်စီစဉ် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ သင်ကြားမှု၊ သင်ယူမှုများကိုလည်း စနစ်တကျ မှတ်တမ်းထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အခြေခံစာတတ်မြောက် ရေးလုပ်ငန်းအောင်မြင်စွာ ဆောင်ရွက်နိုင်စေရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ စေတနာရှင်လုပ်အားပေးများ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း" တိုက်တွန်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်း တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသား ဆရာ၊ ဆရာမများမှ လိုအပ်ချက်များအား တင်ပြကြရာ တိုင်းဒေသကြီးပညာရေးမှူးက ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ တိုင်းဒေသကြီးအဆင့် အခြေခံစာတတ်မြောက်ရေး ဆင့်ပွားသင်တန်းကို ဧပြီလ (၁)ရက်နေ့မှ (၃)ရက်နေ့ထိ (၃)ရက်ကြာ သင်တန်းသား(၁၄၀)ဦးအား သင်ကြားပို့ချသွားမည် ဖြစ်ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)