ချောင်းသာ ဧပြီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် (ကွန်ကရစ်)ခင်းခြင်း ဆောင်ရွက်ပြီးစီး ခဲ့သည့် တောင်သာယာလမ်းနှင့် သုဿာန်အတက်လမ်းတို့အား အန္တရာယ်ကင်းပရိတ် တရားတော်နာပွဲကို ယမန်နေ့ညနေ ၃ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပရိတ်တရားတော်နာပွဲတွင် ကြွရောက်တော်မူလာကြသည့် သံဃာတော်အရှင်သူမြတ် များက ပရိတ်တရားတော်များရွတ်ပွားချီးမြှင့်ခြင်း၊ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ကွန်ကရစ်လမ်း သစ်မတည်အလှုရှင်နှင့် စုပေါင်းအလှူရှင်များအား မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်နှင့် လမ်းဖြစ်မြောက် ရေးကော်မတီအဖွဲ့များက ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့သည်။
အဆိုပါ ချောင်းသာမြို့၊ အမှက် (၃) ရပ်ကွက်ရှိ တောင်သာယာလမ်း အရှည်ပေ ၁၈၀၀ နှင့် သုဿာန်အတက်လမ်းတို့အား ချောင်းသာမြို့မှ မတည်အလှူရှင်များနှင့် ရဟန်းရှင်လူပြည်သူများ၏ စုပေါင်းဒါနကုသိုလ်တို့ဖြင့် ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ချောင်းသာ(ပြန်/ဆက်)