သာပေါင်း ဧပြီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကျွန်းလျားကြီး ကျေးရွာအုပ်စု၊ တောင်ထန်းကျေးရွာ (ဒေသခေါ်)အောက်ပုတ်သင်ချောင်းအတွင်း တောဆင်ရိုင်းအထီး၏ လည်ဂုတ်အပေါ်ယာဘက်တွင် ထိခိုက်ဒဏ်ရာတစ်ခုရရှိခဲ့ပြီး ၎င်းနေရာမှ ဘတ်တီးရီးယားပိုးဝင်ရောက်၍ (Septicemia) သွေးအဆိပ်သင့်ခြင်းကြောင့် အားပြတ်လဲကျနေသဖြင့် မြန်မာ့သစ်လုပ်ငန်း EERU မှ ဆင်ဆရာဝန် ဦးလင်းလင်းထွန်း ဦးဆောင်သောဝန်ထမ်းများ၊ မြန်မာ့သစ်လုပ်ငန်းဝန်ထမ်းများနှင့် သစ်တောဝန်ထမ်းများမှ အမြန်ဆုံးပြန်လည်သက်သာလာစေရန်လိုအပ်သည့် ဆေးဝါးများဖြင့် မတ်လ ၂၅ ရက်နေ့မှ မတ်လ ၃၀ ရက်နေ့အထိ ဆေးကုသကြပ်မတ် စောင့်ကြည့်ပေးနေစဉ် မတ်လ ၃၀ ရက်နေ့၊ နံနက် ၇ နာရီခွဲအချိန်က သေဆုံးသွားခဲ့ရသည်။
ဆေးကုသကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိသည့် ဒဏ်ရာရ တောဆင်ရိုင်းအထီးအား မြန်မာ့သစ်လုပ်ငန်း EERU အဖွဲ့၊ ဆင်ဆရာဝန် ဦးလင်းလင်းထွန်းက စစ်ဆေးတိုင်းတာမှုပြုလုပ်ရာတွင် တောဆင်ရိုင်းအထီးဟန်ကုတ်၊ ကျေးမျက်လုံး၊ နားရွက်လတ်၊ အသက်(၂၈)နှစ်ခန့်၊ ငှက်ပျောကိုင်းကျော အလျား(၇ ပေ)၊ အမြီး (၄ ပေ ၆ လက္မ)၊ အရပ်အမြင့်(၇ ပေ ၆ လက္မ)၊ လုံးပတ်(၁၂ ပေ ၈ လက္မ)၊ ခြေသည်း အရှေ့(၅×၅)၊ အနောက်(၄×၄) လွန်ခဲ့သော(၁၅)ရက်ခန့်က လည်ဂုတ်အပေါ် ယာဘက်တွင် ထိခိုက်ဒဏ်ရာတစ်ခုရရှိခဲ့ပြီး ၎င်းနေရာမှ ဘတ်တီးရီးယားပိုး ဝင်ရောက်၍(Septicemia) သွေးအဆိပ်သင့်ခံစားနေခဲ့ရပြီး အားပြတ်လဲကျခဲ့သည်ဟု ခွဲစိတ်စစ်ဆေးချက်အရ သိရှိရပြီး မီးရှို့သင်္ဂြိုလ်ပေးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း ပြန်/ဆက်