ခမောက်ကြီး ဧပြီ ၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာနအား မူလအမည်ဖြစ်သည့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနအမည်သို့ ၂၀၂၄ ခုနှစ်၊ ဧပြီ(၁)ရက်နေ့မှ စ၍ ပြောင်းလဲပြင်ဆင်သတ်မှတ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့်ကြော်ငြာချက်အရ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ မြေစာရင်းဦးစီးဌာနရုံးတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနအား ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနအမည်သို့ ဌာနအမည်ပြောင်းလဲခြင်းနှင့် ရုံးဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဌာနအမည်ပြောင်းလဲခြင်းနှင့်ရုံးဆိုင်း ဘုတ်တင်ပွဲအခမ်းအနားတွင် ခမောက်ကြီးမြို့ မြေစာရင်းဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ဧည့်ပရိသတ်များက သံဃာတော်ရှင်သူမြတ်များ အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပြီး တိလောကာရုံ ကျောင်းတိုက် ဆရာတော်မှ ဌာနအမည်ပြောင်းလဲခြင်းနှင့် ရုံးဆိုင်းဘုတ်တင်ပွဲအလှူအတွက် အနုမောဒနာ တရားချီးမြှင့်၍ သံဃာတော်အရှင်သူမြတ်များမှ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ခဲ့ပြီး ရေစက်ချအမျှပေးဝေခဲ့ကြသည်။ ယင်းနောက် ခမောက်ကြီးမြို့၊ မြို့အုပ်ချုပ်ရေး ဦးထိန်လင်းနှင့် မြို့အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခမောက်ကြီးနယ်မြေခံ တပ်နယ်နှင့် နယ်မြေခံရဲတပ်ဖွဲ့မှတာဝန်ရှိသူများနှင့် မြေစာရင်းဦးစီးမှူးတို့က ဆိုင်းဘုတ်သစ် အားအန္တရာယ်ကင်းပရိတ်ရေများဖြင့်ပက်ဖျန်း၍ ရုံးဆိုင်းဘုတ်အသစ်အား ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။
ခမောက်ကြီး (ပြန်/ဆက်)