လိပ်သိုဒေသ မရမ်းသီးထွက်ရှိရာ ကျေးရွာအချို့တွင် ဒေသခံများ မရမ်းသီးအခြောက် ပြုလုပ်ရောင်းချ

လိပ်သို  ဧပြီ  ၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ မရမ်းသီးထွက်ရှိရာ ကျေးရွာအချို့၌ ရာသီပေါ်ချိန် မရမ်းသီးများ လှိုင်လှိုင်ထွက်ရှိနေပြီး ပေါ်ဉီးစတွင် ဈေးကောင်းရရှိခဲ့သော်လည်း ယခုအခါ ဈေးနှုန်းများ ကျဆင်းလာသဖြင့် မရမ်းသီး စိုက်ပျိုးထားသူ ဒေသခံများက မရမ်းသီးများကို အသီးအတိုင်း မရောင်းချတော့ပဲ ထက်ခြမ်းခွဲ၍ အခြောက်လှန်းကာ ပြန်လည်ရောင်းချလာကြကြောင်း သိရသည်။

မရမ်းသီးများကို အစိမ်းသီး၊ အမှည့်သီး မခွဲခြားဘဲ အသီးအတိုင်းရောင်းချပါက တစ်ပိဿာလျှင် ၂၀၀၀ ကျပ်သာ ရရှိတော့သဖြင့် ထက်ခြမ်း ခွဲ၍ အခြောက်လှန်းပြီး ရောင်းချပါက မရမ်းသီးခြောက် တစ်ပိဿာလျှင် ၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်အထိ ဈေးရရှိသောကြောင့် မရမ်းသီးအခြောက် ပြုလုပ်ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်မြောက်ပိုင်း၊ လိပ်သိုဒေသသည် နှစ်ရှည်သီးနှံပင်မျိုးစုံ စိုက်ပျိုးထွက်ရှိပြီး လမ်းပန်းဆက်သွယ်ရေးအရ တောင်ငူ-လိပ်သို-လွိုင်ကော် ပြည်ထောင်စုလမ်းပေါ်တွင် တည်ရှိနေ၍ ဒေသထွက် သီးနှံများကို ဒေသတွင်းသာမက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် အခြားမြို့ကြီးများသို့ အလွယ်တကူ ဖြန့်ဖြူးရောင်းချလျက်ရှိကြသည်။

ခင်လေးနွယ် (လိပ်သို)