စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (တတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မုံရွာ ဧပြီ ၂

စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (တတိယအကြိမ်) လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ဧပြီလ ၁ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ ကသာခရိုင် စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များမှ တာဝန်ရှိသူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကြုံးဝင်သည့် အချက်အလက်နှင့်ကိုက်ညီသော အင်အားများအတိုင်း သင်တန်းတက်ရောက်မည့်သူများအား ရွေးချယ်စေလွှတ်ပေးနိုင်ရေးအား Time Frame အတိုင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များမှလည်း လုပ်ငန်းတာဝန်များအား အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေနှင့်ပတ်သက်ပြီး ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်အောင် ကြိုးပမ်းဆောင်ရွက်ကာ ပြည်သူ့စစ်မှုထမ်းများအား သက်မှတ်အရေအတွက်အတိုင်း အချိန်မီစုဆောင်းရရှိရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် သင်တန်းတက်ရောက်ရာတွင်လည်း နွေးထွေးပျူဌာစွာဖြင့် ကြိုဆိုလက်ခံကာ နေထိုင်စားသောက်ရေးမှအစ လိုအပ်ချက်များမရှိအောင် တာဝန်ရှိသူများမှ ဆောင်ရွက်ပေးသွားကြရန် ပြောကြားခဲ့သည်။ 

ယင်းနောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဖွဲ့ဝင်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွှန့်ဝင်းအောင်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများဖြစ်သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေရည်ရွယ်ချက်၊ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်ခြင်း၊ ယာယီရွေ့ဆိုင်းနိုင်သည့် ပုဂ္ဂိုလ်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ ခရိုင်/မြို့နယ်များအတွင်းရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး စာရင်းကောက်ယူရေး လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ခရိုင်အတွင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းများဆောင်ရွက် နေမှုအခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး/ခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ၌ မိမိတို့ဌာနများအလိုက် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး စာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့တက် ရောက်လာသူများမှ တိုင်းဒေသကြီးအတွင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်များဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ အထွေထွေ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားခဲ့‌ကြောင်း သိရသည်။           

တိုင်းဒေသကြီး (ပြန်/ဆက်)