လှိုင်းဘွဲ ဧပြီ ၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မဲဆမိတ်ကျေးရွာတွင် ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်တွင် အခြေခံဗုဒ္ဓတရားတော်များကိုသိရှိပြီး ယဉ်ကျေးလိမ္မာမှုရှိစေရန်အတွက် ယဉ်ကျေးလိမ္မာဓမ္မစကူးလ်သင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်း ဆင်းပွဲကို ယမန်နေ့က မဲဆမိတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မဲဆမိတ်ကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒရက အဖွင့်ဩဝါဒ မြွက်ကြားခဲ့ပြီး ဆရာတော်/သံဃာတော်ကြီးများက မိမိလူမျိုး၊ မိမိဘာသာ၊ သာသနာလုပ်ငန်းများ မပျောက်ပျက်စေရန်နှင့်ထွန်းကား ပြန့်ပွားစေရန်အတွက် ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ပြီး အခြေခံဗုဒ္ဓတရားတော်များကို လူငယ်များအနေဖြင့် သိရှိရမည်ဖြစ်ကြောင်း၊ ရရှိလာသော အခြေခံဗုဒ္ဓတရားတော်များကိုလူငယ်များအနေဖြင့် တန်ဖိုးထားလိုက်နာရမည်ဖြစ်ကြောင်းဩဝါဒများ အသီးသီးမြွက်ကြားခဲ့ကြသည်။
ထို့နောက် သင်တန်းဆရာတစ်ဦးက ရတနာသုံးပါး၊ ဗုဒ္ဓဝင်နှင့်မင်္ဂလာတရားတော်များ၊ ဗုဒ္ဓဘာသာဝင်တစ်ဦး၏ လိုက်နာကျင့်သုံးရမည့် လုပ်ငန်းစဉ်များ၊ ဗုဒ္ဓဘာသာမှ ပုဂ္ဂိုလ်ထူးများအကြောင်း၊ လူမှုကျင့်ဝတ်များ၊ ဗုဒ္ဓဝါဒအဘိဓမ္မာ၊ အဆုံးအမတရားတော်များစသည့် အခြေခံဗုဒ္ဓတရားတော်များကို လူငယ်များသိရှိနိုင်စေရန်အတွက် သင်တန်းဖွင့်လှစ်မှုနှင့်ပတ်သက်၍ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး သင်တန်းတွင် ထူးချွန်းသော ကျောင်းသား၊ ကျောင်းသူများအား ဆုများနှင့် ဂုဏ်ပြုလက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)