ထားဝယ် ဧပြီ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက ပညာရေးဝန်ကြီးဌာနနှင့် တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် တိုင်းဒေသကြီး၏ ၂၀၂၄ ခုနှစ်၊ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း တိုင်းဒေသကြီးအဆင့်နည်းပြ သင်တန်းဖွင့်ပွဲအခမ်းအနားဖြစ်ကြောင်း၊ နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသူ၊ နိုင်ငံသားများ၏ စာတတ်မြောက်မှုသည် အဓိကလိုအပ်ချက်ဖြစ်သည်နှင့်အညီ ခေတ်အဆက် ဆက်နိုင်ငံတော်အစိုးရများက နိုင်ငံသားတိုင်း စာတတ်မြောက်ရေး၊ အတန်းပညာတတ်မြောက်ရေး စသည့်ပညာရေးဆိုင်ရာများကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ယခုနှစ်လာမည့်ဧပြီလ(၆)ရက်နေ့မှ မေလ (၁၅)ရက်နေ့အထိ ရက်ပေါင်း(၄၀)ကြာအခြေခံစာတတ် မြောက်ရေးလုပ်ငန်းကို တစ်ရက် သင်ကြား သင်ယူချိန်(၃)နာရီဖြင့် နာရီပေါင်း(၁၂၀)၊ စာသင်သား (၃၆၀၀)ကို စာသင်ဝိုင်း (၂၄၀)၊ နည်းပြ(၂၄၀)၊ ကြီးကြပ်(၂၄)ဦးဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ၂၀၁၉ခုနှစ်၊ လူဦးရေနှင့် သန်းကောင်စာရင်းအရမြန်မာနိုင်ငံ၏ စာမတတ်သူဦးရေ(၄.၁)သန်းကျော်ရှိပြီး တိုင်းဒေသကြီးတွင်(၃၅၇၅၇)ဦးရှိရာ ၎င်းအနက်(၃၆၀၀)ဦးကို မြို့နယ် (၈)မြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ယခုလိုနည်းပြသင်တန်းပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသားဆရာ/မများအနေဖြင့် သင်တန်းမှ ပို့ချချက်များကို အပြည့်အဝရယူပြီး မိမိစာသင်ဝိုင်းများတွင် ပြန်လည်သင်ကြားပေးကြရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
သင်တန်းတွင် ဗဟိုအဆင့်နည်းပြဆရာ၊ ဆရာမများက တိုင်းဒေသကြီးအဆင့် နည်းပြ/ကြီးကြပ် သင်တန်းသား(၆၈)ဦးအား ဧပြီ(၃)ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)