ကသာ ဧပြီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ကျန်းမာရေးဦးစီးဌာနမှ မွေးကင်းစကလေးငယ်များနှင့် အသက်(၂)လမှ (၂)နှစ်အောက်ကလေးငယ်များကို ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးပေးခြင်းကို ယမန်နေ့နံနက်(၇)နာရီအချိန်တွင် ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် မြို့တော်ခန်းမတို့တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ကာကွယ်ဆေးတိုက်ကျွေးထိုးနှံပေးခြင်းကို ကသာခရိုင် ကျန်းမာရေးဌာနမှ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာစိုးသူအန်းက ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိပြီး ကလေးငယ်များအတွက် ဝက်သက်၊ ပိုလီယို၊ Penta ငါးမျိုးစပ်၊ ဦးနောက်တီဘီ၊ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး အသစ်(PCV)စသည့် ကာကွယ်ဆေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးမိဘများအား ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်၍ ကာကွယ်နိုင်သည့် ရောဂါများအကြောင်းနှင့် အကျိုးကျေးဇူးများအကြောင်းကို ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက အသိပညာပေး ဟောပြောမှုများလည်း ပြုလုပ်ခဲ့ကြောင်းနှင့် ကာကွယ်ဆေးကို လစဉ်(၁)ရက်နေ့မှ လဆန်း(၂)ရက်နေ့အထိ ထိုးနှံပေးလျက်ရှိကြောင်း ခရိုင်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကျော်စွာထွန်း(ကသာ)