ပေါင်းတည်မြို့နယ်၌ တောင်သူပညာပေးသင်တန်း ဖွင့်လှစ်ပို့ချ

ပေါင်းတည် ဧပြီ ၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က တောင်သူပညာပေးသင်တန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ပို့ချသည်။

ပထမဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် မြို့နယ်အတွင်း၌ မိုးစပါး ၇၃၅၁၄ ဧကနှင့်နွေစပါး ၂၃၈၂၆ဧက စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် တောင်သူများအနေဖြင့် မျိုးမှန်၊ မြေမှန်၊ ရေမှန်၊ စိုက်နည်းနစ်မှန်ကန်စွာဖြင့် စိုက်ပျိုးနိုင်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပို့ချရခြင်း ဖြစ်ကြောင်းနှင့် တောင်သူများအနေဖြင့် ကြိုးပမ်းအားထုတ်ကြရန် လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးအောင်မျိုးမင်းက တက်ရောက်လာကြသော ကျေးရွာအုပ်စုအသီးသီးမှ တောင်သူများအား ဆွေးနွေးပို့ချရာ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး၊ နွေစပါးပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေးတို့အတွက် မိမိဒေသစိုက်ပျိုးမြေများနှင့်ဆီလျော်သည့် မျိုးကောင်း၊ မျိုးသန့်၊ အထွက်ကောင်းမျိုးကို ရွေးချယ်၍မဖြစ်မနေ စိုက်ပျိုးထုတ်လုပ်ရေး၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရေး၊ ပေါင်းမြက်ကာကွယ်နှိမ်နင်းရေး၊ ပိုမွှားအန္တရယ် ကာကွယ်စောင့်ရှောက်ရေးနှင့် အရှိန်အဟုန်ဖြင့် တိုးတက်နေသော ခေတ်စနစ်နှင့်အညီ နည်းပညာများပြောင်းလဲကာ တိုးချဲ့စိုက်ပျိုးနိုင်ရေးတိုကို ပရိုဂျက်တာနှင့်တကွ အသိပညာပေး ရှင်းလင်းဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ နွေစပါးစိုက်ပျိုးထုတ်လုပ်လျက်ရှိသောကျေးရွာအုပ်စု ၃၀ အုပ်စုမှ တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။

သူရကြီး ( ပြန်/ဆက်)