ပဲခူးမြို့၌ ၂၀၂၄ ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ခရိုင်အဆင့်နည်းပြဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ပဲခူး ဧပြီ ၁

၂၀၂၄ ခုနှစ်၊ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများစာတတ်မြောက်ရေးအတွက် အခြေခံစာတက်မြောက်ရေးလုပ်ငန်း ခရိုင်အဆင့်နည်းပြဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိပညာခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးမျိုးအောင်က အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာရေးအဆင့်အသီးသီးကို ဆုံးခန်းတိုင်မသင်ကြားခဲ့ရသူများအား ထိုပညာရေးအဆင့် ပြီးမြောက်စေရန်နှင့် ကျောင်းပြင်ပမှ ပညာသင်ကြားလိုသူများ ဆက်လက်သင်ကြားနိုင်ရန်လည်းကောင်း၊ ပညာသင်ယူမှုမပြီးဆုံးမီ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူမှု ရပ်တန့်ခဲ့ရသော ကျောင်းသား/ သူများအတွက် သင့်လျော်သည့် ပညာသင်ယူခွင့်တစ်ခုခု ပြန်လည်ရရှိစေရန်နှင့် ငယ်စဉ်ကမူလတန်းပညာကိုပြီးဆုံးအောင် မသင်ကြားခဲ့ရသူများ၊ ကျောင်းမနေခဲ့ရသူများနှင့် သန်းခေါင်စာရင်းအရ စာမတတ်သူ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ပြီး နိုင်ငံသားများ၏ လူမှုဘဝမြင့်မားလာစေဖို့၊ နိုင်ငံသားကောင်းများ၏ အခြေခံအလေ့အကျင့်များ ပိုမိုရရှိလာစေဖို့ နိုင်ငံသူ၊ နိုင်ငံသားအတွက် ပညာရယူရန် ကိရိယာတစ်ခုဖြစ်သည့် အရေး၊ အဖတ် အခြေပြုတတ်မြောက်သွားအောင် သင်ကြားပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးမျိုးအောင်သည် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ခရိုင်အဆင့်နည်းပြဆင့်ပွားသင်တန်းကို ပဲခူးခရိုင်အတွင်း မြို့နယ်များရှိ သင်တန်းသား၊ သင်တန်းသူ ၃၁၃ ဦးတို့ဖြင့် ဧပြီလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)