အုတ်တွင်း ဧပြီ ၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)တို့ပူးပေါင်း၍ (Community Centre)လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက်ပိုင်းက ရှေးဦးသူနာပြုစုနည်းသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်မူမူဝင်းက အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌ ဦးခင်မောင်ချိုက နွေရာသီ အားလပ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ ကြက်ခြေနီအသိပညာနှင့် ရှေးဦးပြုစုနည်းအတတ်ပညာပြန့်ပွားစေရန်ရည်ရွယ်၍ အဆိုပါသင်တန်းကိုဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)အတွင်းရေးမှူးဦးစောမင်းလှိုင်က စာတွေ့လက်တွေ့ သင်ကြားပို့ချသည်။
အုတ်တွင်းမြို့နယ်တွင် ရှေးဦးသူနာပြုစုနည်းသင်တန်းကို နှစ်စဉ်နွေရာသီအားလပ်ရက်များတွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိပြီး ယခုနှစ်တွင် ဧပြီ ၁ ရက်မှ ၃ ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်ကာ သင်တန်းသား၊ သင်တန်းသူ ၂၃ ဦးတက်ရောက် သင်ယူလျက်ရှိကြောင်း သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)