ပေါက်ခေါင်း ဧပြီ ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက လူငယ်ရေးရာအသိပညာပေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲ၊ ပန်းချီပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က ကျောင်းသားလူငယ်များအား မူးယစ်ဆေးဝါး၏အန္တရာယ်နှင့်ဆိုးကျိုးများအကြောင်း၊ ဒုတိယဦးစီးမှူးဦးသိန်းထွန်းစိုးက လူငယ်နှင့်အယုံလွယ်ခြင်း ခေါင်းစဉ်ဖြင့် လူငယ်ရေးရာအသိပညာပေးဟောပြောခဲ့သည်။ ယင်းနောက် ပန်းချီပြိုင်ပွဲဆက်လက်ကျင်းပရာ ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က ကျောင်းသားလူငယ်များကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်ရန်၊ စိတ်ကူးဉာဏ်များရင့်သန်စေရန်နှင့်စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောခဲ့ပြီး ပန်းချီပြိုင်ပွဲကျင်းပရာ အ.မ.က(မူလွန်)ရွာထောင်၊ အ.ထ.က(အိုးဘိုကုန်း)နှင့် အ.ထ.က(ပေါက်ခေါင်း)တို့မှ ကျောင်းသား၊ ကျောင်းသူလေးများက ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကို မြို့နယ်ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများကိုလည်း လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့်သုတ၊ ရသစာအုပ်များနှင့်အခြားစိတ်ဝင်စားဖွယ်စာအုပ်များကိုလည်း ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများကစိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)