တောင်ငူ ဧပြီ ၁
နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ၊ အချိန်ကိုတန်ဖိုးရှိရှိ အသုံးချတတ်စေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော လူငယ်လူရွယ်များဖြစ်လာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ အခြေခံပန်းချီ အခမဲ့သင်တန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက်ရန်ကုန်ဗဟိုပန်းချီပန်းပုအစည်းအရုံး နာယက (တောင်ငူမြို့နယ် ပန်းချီပန်းပုအစည်းအရုံးနာယက) ပန်းချီဆရာ စိုးမြင့်လေး (တောင်ငူ)မှ အခြေခံပန်းချီရေးဆွဲနည်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းအား ဖွင့်လှစ်သင်ကြားခဲ့သည်။
အဆိုပါသင်တန်းကို ဧပြီလ ၁ ရက်နေ့မှ ၉ ရက်နေ့အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ပြီး အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ (၂၅) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)