ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးသည့် ပဲမျိုးစုံသီးနှံ ၇၂၀၁၀ ဧက ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်

ပွင့်ဖြူ ဧပြီ ၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ပဲမျိုးစုံသီးနှံ ၇၂၀၁၀ ဧက ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း ပဲမျိုးစုံသီးနှံ စိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန်နှင့် တောင်သူသီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ပဲမျိုးစုံသီးနှံစိုက်ပျိုးမှုအနေဖြင့် ၃၈၀၈၄ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ မတ်ပဲ ၁၃၂ ဧက ၊ ပဲကြီး ၃၆၉၇ ဧက ၊ ပဲကြား ၃၉၃ ဧက ၊ စားတော်ပဲ ၃၁၉၂ ဧက ၊ ကုလားပဲ ၅၂၀၅၁ ဧက ၊ ပဲလွမ်း ၃၂၃၃ ဧက ၊ ပဲနောက် ၄၁၇ ဧက ၊ ပဲယင်း ၂၁၅ ဧက ၊ ထောပတ်ပဲ ၇၇၃၅ ဧက ၊ အခြားပဲ ၉၄၅ ဧက ၊ စုစုပေါင်း ပဲမျိုးစုံသီးနှံ ၇၂၀၁၀ ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။  

"ပွင့်ဖြူမြို့နယ်မှာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့တဲ့ ပဲမျိုးစုံသီးနှံစိုက်ဧက ၇၂၀၁၀ ဧက ရိတ်သိမ်းဆောင်ရွက်ပြီးစီးသွားပြီဖြစ်ပါတယ်။ ပဲမျိုးစုံသီးနှံရိတ်သိမ်းခြင်းကို ဒေသခံတောင်သူတွေက ဖေဖော်ဝါရီလမှ စတင်ရိတ်သိမ်းခဲ့ပြီး မတ်လကုန်မှာ ရာနှုန်းပြည့် ရိတ်သိမ်းခြွေလှေ့ပြီးစီးတာဖြစ်ပါတယ်။ ဒေသခံတောင်သူတွေကိုလည်း သီးနှံခြွေလှေ့ရိတ်သိမ်းရာတွင် သီးနှံလေလွင့်ဆုံးရှုံးမှုမရှိစေဖို့ အချိန်မီရိတ်သိမ်းခြွေလှေ့နည်းစနစ်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးပါတယ်။ သီးနှံအထွက်နှုန်းအနေနဲ့ဆိုရင် မတ်ပဲသီးနှံ ၁၆ ဒသမ ၂၅ တင်း၊ ပဲနောက် (၁၂) တင်း ၊ ကုလားပဲသီးနှံ ၂၀ ဒသမ ၅၀ တင်း ၊ စားတော်ပဲသီးနှံ (၁၈) တင်း ၊ ပဲယင်းသီးနှံ (၉) တင်း ၊ ပဲလွမ်းသီးနှံ ၁၆ ဒသမ ၅၀ တင်း ၊ ထောပတ်ပဲသီးနှံ (၂၇)တင်း ၊ အခြားပဲသီးနှံ(၁၅)တင်း ထွက်ရှိပါတယ်။ ပဲမျိုးစုံသီးနှံက ယခုနှစ်မှာ ပိုးမွှားအန္တရာယ်မကျရောက်တဲ့အတွက် အထွက်နှုန်းများ ကောင်းမွန်ခဲ့ပါတယ်။ နောက်ပြီး ဒေသခံတောင်သူတွေ ပဲမျိုးစုံသီးနှံတွေရောင်းချရာမှာ အဆင်ပြေစေဖို့အတွက် ဒေသခံတောင်သူအစုအဖွဲ့တွေ စုပေါင်းပြီး ပဲမျိုးစုံသီးနှံစုပေါင်းရောင်းချပွဲ ပြုလုပ်ပေးတဲ့အတွက် အချိန်ကုန်လူပင်ပန်း သက်သာစွာဖြင့်ရောင်းချရလို့ တောင်သူတွေ အဆင်ပြေကြပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသတွင်းရှိ ပဲမျိုးစုံစိုက်တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ သီးနှံဖျက်ပိုးမွှားများ ကျရောက်မှုကင်းရှင်းစေရေး ၊ မြေဩဇာ စနစ်တကျ သုံးစွဲတတ်စေရေး၊ အထွက်နှုန်းများ ကောင်းမွန်စေရေးအတွက် သီးနှံအချိန်မီ ရိတ်သိမ်းခြွေလှေ့နည်းစနစ်များ စသည့် တောင်သူအသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)