ဆိပ်ဖြူမြို့နယ်တွင် နွေစပါးစံပြကွက်အား လက်ဆွဲကောက်စိုက်စက်ဖြင့် တောင်သူပညာပေးလုပ်ငန်း ဆောင်ရွက်

ဆိပ်ဖြူ ဧပြီ ၁

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၌ ‌နွေစပါးစံပြကွက်အား လက်ဆွဲကောက်စိုက်စက်ဖြင့် တောင်သူပညာပေးလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီက မြင်ကဝကျေးရွာအုပ်စု ဆူးလေကုန်းကျေးရွာ ကွင်းအမှတ် ၁၁၂၂၊ ဦးပိုင်အမှတ် ၄၉ တောင်သူ ဦးကြည်သွင်၏ နွေစပါးစံပြ(၂)ဧက စိုက်ကွင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းကို ဒေသစားရေရိက္ခာဖူလုံစေရေး ဆောင်ရွက်လျက်ရှိသည့် ဒေသခံတောင်သူများအား စိုက်ပျိုးရေးနည်းပညာများ ဖွံ့ဖြိုးတိုးတက်စေပြီး စိုက်ပျိုးသီးနှံများအထွက်နှုန်းမြင့်မားစေရန်၊ စိုက်ပျိုးရေးလုပ်ငန်းများ၌ တွေကြုံရသည့် အခက်အခဲများနှင့် လုပ်သားရှားပါးမှု အစရှိသည်တို့ကို တောင်သူများဖြေရှင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတောင်သူများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိက တောင်သူ ဦးကြည်သွင်၏ နွေစပါးစံပြ(၂)ဧက စိုက်ကွင်းတွင် နွေစပါးစံပြစိုက်ခင်း၌ စိုက်ပျိုးဆောင်ရွက်မည့် ဗီယက်နမ်နိုင်ငံမှ ထုတ်လုပ်သည့် လက်ဆွဲကောက်စိုက်စက်၏ ကိုင်တွယ်နည်းနှင့် လုပ်ဆောင်ချက်များကိုရှင်းလင်းခြင်း၊ ဆာဖိုးသာမျိုးစပါးများ ဘောင်ပျိုးစနစ်ဖြင့် ပျိုးထောင်ခြင်းနှင့် စိုက်ပျိုးမြေ ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြပေးခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဒေသခံတောင်သူများက လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးဆောင်ရွက်မှုတို့အား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ ထို့အပြင် တောင်သူများအနေဖြင့် ရာသီအလိုက်သီးနှံများကို ရရှိထားသည့် စိုက်ပျိုးရေးနည်းပညာတို့ဖြင့် ပေါင်းစပ်၍ သီးထပ်၊ သီးညှပ်များကို ရေရရှိရေးနည်းလမ်းအသွယ်သွယ်တို့ဖြင့် တိုးချဲ့စိုက်ပျိုးဆောင်ရွက်သွားကြရန် လမ်းညွှန်ပြောကြားပေးခဲ့ကြောင်း သိရှိရသည်။     

ကိုဇွဲ(အညာမြေ)