နတ်တလင်းမြို့၌ အခြေခံစာတက်မြောက်ရေးလုပ်ငန်း ခရိုင်အဆင့်နည်းပြဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

နတ်တလင်း ဧပြီ ၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၌ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတက်မြောက်ရေးအတွက် အခြေခံစာတက်မြောက်ရေးလုပ်ငန်း ခရိုင်အဆင့်နည်းပြ ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီချိန်က အ.ထ.က(နတ်တလင်း)ကျောင်း မနောဟဒယခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်မှ အဖွင့်အမှာစကားပြောကြားရာ  နွေရာသီကျောင်းပိတ်ရက်များတွင် ဆရာ/ဆရာမများဖြင့် ကျေးလက်နှင့်မြို့ပေါ်တွင် ငယ်စဉ်ကပညာကိုမသင်ကြားခဲ့ရသော လူငယ်လူရွယ်များ၊ သက်ကြီးရွယ်အိုများ၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အသက်(၁၅)နှစ်အထက်ပြည်သူများ စာတတ်မြောက်ရေး၊ လူတိုင်းစာတတ်မြောက်ရေးနှင့် နည်းပြသင်တန်းတက်ရောက်သည့် ဆရာ/ဆရာမများအနေဖြင့် ပြန်လည်သင်ကြားပေးရာတွင် ရာနှုန်းပြည့်အောင်မြင်ရန်လိုအပ်ကြောင်း၊ အဓိကဘာသာရပ်အနေဖြင့် မြန်မာစာနှင့်သင်္ချာကို အဓိကထားသင်ကြားပေးရမှာဖြစ်ကြောင်း၊ သင်ကြားရေးကာလမှာ ရက်(၄၀)ဖြစ်ကြောင်း၊ စာမတတ်မြောက်သူများရှိရာ ကျေးလက်နှင့်မြို့ပေါ်ပါနေရာများတွင် လိုက်လံသင်ကြားပေးရမှာဖြစ်ကြောင်း၊ လုံခြုံရေးအရ အခက်အခဲဖြစ်မည့်နေရာများအား တာဝန်ရှိသူများက လုံခြုံရေးအား ရပ်ကင်း၊ လှည့်ကင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဆရာ/ဆရာမများအနေဖြင့် ကိုယ်လုပ်ရမည့်အလုပ်ကို စိတ်ဖြူစင်စွာဖြင့် စေတနာ၊ မေတ္တာထားပြီး တာဝန်ကျေပွန်အောင် ဆောင်ရွက်စေလိုကြောင်းပြောကြားပြီး တက်ရောက်လာသူများကို "မနီပြုံးနိုင်ပြီ" video clip ပြသခဲ့သည်။

အဆိုပါ အခမ်းအနားသို့ နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မောင်မောင်အောင်၊ ခရိုင်ပညာရေးမှူး ဒေါ်အေးအေးစန်းနှင့်ဝန်ထမ်းများ၊ နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ်ပညာရေးမှူးများ၊မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသား/သူ ဆရာ၊ ဆရာမများ(၁၀၅)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကို (၁.၄.၂၀၂၄ မှ ၃.၄.၂၀၂၄)ရက်နေ့ထိ သင်ကြားပို့ချပေးမည်​ဖြစ်ကာ နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ်များမှ သင်တန်းသား/သူ(၈၆)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)