မင်းလှမြို့နယ်တွင် စာအောင်သံဃာများအား (၃၈)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

အထက်မင်းလှ ဧပြီ ၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် စာအောင်သံဃာများအား (၃၈)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်းအခမ်းအနားကို ယမန်နေ့နေ့လယ်(၁)နာရီခွဲက ရုံးရပ်မြောက်ပိုင်းရပ်ကွက်၊ သာသနာ့ဗိမာန်တော်၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တက်ရောက်လာကြသော ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်တို့က နမောတဿ(၃)ကြိမ် ရွတ်ဆိုကန်တော့ကြပြီး၊ မလွန်ရေခါး ပရိယတ္တိစာသင်တိုက်မှ ဆရာတော်ဘဒ္ဒန္တပညာ သာမိကဩဝါဒတရား ချီးမြှင့်တော်မူခဲ့ကာ သံဃာတော်အရှင်သူမြတ်တို့က မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သာသနာ့ဗိမာန်တော် ဂေါပကအဖွဲ့ဝင်များက စာအောင်သံဃာများအား စာအောင်ဆုနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းပြီး၊ ကြီးကြပ်ဆရာတော်များအား ဝတ္ထုအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တကောသလ္လမှ ရေစက်သွန်းချအမျှပေးဝေခဲ့ရာ ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်တို့က ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ် ရွတ်ဆိုခဲ့သည်။ ဆက်လက်ပြီး (၃၈)ကြိမ်မြောက် စူဋ္ဌဘွဲ့နှင်းသဘင်အခမ်းအနားသို့ ကြွရောက်ချီးမြှင့်တော်မူကြသော ဆရာတော်သံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်အသီးသီးမှ‌ အလှူရှင်များက ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများ နဝကမ္မဝတ္ထုငွေများအား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)