ကန့်ဘလူ ဧပြီ ၁
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့၌ မြို့နယ်ဌာနဆိုင်ရာများနှင့် မြို့မဥစားကြက်မွေးမြူရေးဇုန်ရှိ ကြက်မွေးမြူသူလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ကြက်မွေးမြူရေးဇုန်ရှင်းလင်းဆောင်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးငွေဆန်းလှိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်စခန်းမှူး ဦးဇာ်လင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာမြတ်လင်းတို့က အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ကြက်ဥပိုမိုထုတ် လုပ်နိုင်ရေး၊ လုံခြုံရေးနှင့်မီးဘေးအန္တရာယ်ကင်းဝေးပြီး မီးလောင်မှုကြောင့် အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်ရေး၊ ဇုန်အတွင်း မီးဘေးအန္တရာယ် ကင်းဝေးစေရန် ခြံနှင့်ပတ်ဝန်းကျင်ကို သန့်ရှင်းစွာထားရှိရေး၊ အယ်လ်နီညို ရာသီဥတုဖြစ်ပေါ်မှုကြောင့် တိရစ္ဆာန်များတွင် အစာနှင့်ရေရှားပါးခြင်း၊ အာဟာရမပြည့်ဝခြင်း၊ ကူးစက်ရောဂါများ ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် ကြိုတင်ပြင်သင့်သည်များနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ နည်းပညာဆိုင်ရာအကူအညီများ ရယူနိုင်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။
မြို့မဥစားကြက်မွေးမြူရေးဇုန်တွင် ကြက်မွေးမြူသူ ၃၈ ဦးရှိပြီး ကြက်ကောင်ရေ ၆၁၄၀၀ မွေးမြူလျက်ရှိကာ နေ့စဥ်ကြက်ဥအလုံးရေ ၃၆၀၀၀ ကျော်ထွက်ရှိကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)