ကျွန်းလှ ဧပြီ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် နွေစပါးတိုက်ရိုက်မျိုးစေ့ချ ကိရိယာဖြင့် စိုက်ပျိုးနည်း ကွင်းသရုပ်ပြခြင်းကို ယနေ့နံနက် ၇ နာရီက ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် (၄၉၆)၊ တောင်သူ ဦးသံချောင်း၏ လယ်မြေ (၅) ဧက၌ ကျင်းပကြောင်းသိရသည်။
ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်မြင့်မြင့်ရီက မျိုးစေ့ချကိရိယာ အသုံးပြုပြီး စိုက်ပျိုးခြင်းဖြင့် မျိုးစေ့ကုန်ကျမှုသက်သာခြင်း၊ ရေအသုံးပြုမှုသက်သာခြင်း၊ လေဝင်လေထွက်ကောင်းမွန်ခြင်း၊ သမန်းနှိုးပေါင်းထိုးလွယ်ကူခြင်း၊ အထွက်နှုန်းကောင်းမွန်ခြင်း စသည့်အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် နွေရာသီ၌ နွေစပါး ၁၆၆ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
မျိုးဝင်းညို ကျွန်းလှ