မင်းလှမြို့၌ နိုင်ငံတော်ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၄)ပါးတို့အား ဂုဏဝိသိဋ္ဌပူဇာ မဟာမင်္ဂလာအခမ်းအနားကျင်းပ

အထက်မင်းလှ ဧပြီ ၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် နိုင်ငံတော်မှ ချီးမြှင့်သော ဘွဲ့တံဆိပ်တော်ရ ဆရာတော်(၄)ပါးတို့အား ဂုဏဝိသိဋ္ဌပူဇာမဟာ မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်(၇)နာရီက မင်းလှမြို့ပေါ်၌ လှည့်လည်အပူဇော်ခံခဲ့ပြီး နံနက်(၈)နာရီတွင် မြို့နယ်ခန်းမ၌ အပူဇော်ခံမင်္ဂလာအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်တို့က နမောတဿ(၃)ကြိမ်ရွတ်ဆို ကန်တော့ကြပြီး၊ ဓမ္မိကတောရသင်တိုက်စာချနာယက နိုင်ငံ‌တော်သံဃမဟာနာယက အဖွဲ့ဝင်ဆရာတော်ဘဒ္ဒန္တဉာဏထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကာ ဓမ္မိကတောရစာသင်တိုက်ဆရာတော် ဘဒ္ဒန္တ‌လောကဉာဏမှ ဩဝါဒကထာ မြွက်ကြားချီးမြှင့်ခဲ့သည်။ ထို့နောက် မြို့နယ်စီမဲအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့များက အပူဇော်ခံ ဆရာတော်(၄)ပါးနှင့် ပင့်သံဃာဆရာ‌တော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တကောသလ္လမှ ရေစက်သွန်းချ အမျှပေးဝေခဲ့ရာ ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်တို့က ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး(၄)ပါးအား ဂုဏဝိသိဋ္ဌပူဇာမဟာမင်္ဂလာအခမ်းအနားသို့ ကြွရောက်ချီးမြှင့်တော်မူကြသော ဆရာတော်သံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အသီးသီးမှအလှူရှင်များက ဆွမ်းဆန်၊ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မဝတ္ထုငွေများအား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့သည်။ မင်းလှမြို့နယ်တွင် နိုင်ငံတော်မှ ချီးမြှင့်‌သောဘွဲ့ တံဆိပ်တော်ရဆရာတော်(၄)ပါးမှာ ဘဒ္ဒန္တလောကဉာဏ (မဟာဂန္တဝါစကပဏ္ဍိတ) ဓမ္မိကစာသင်တိုက်၊ ဘဒ္ဒန္တစိန္တတ (မဟာဂန္တဝစကပဏ္ဍိတ) ဓမ္မိကစာသင်တိုက်၊ ဘဒ္ဒန္တစိန္တတ(မဟာဂန္တဝါစကပဏ္ဍိတ) မလွန်စကြောစာသင်တိုက်၊ ဘဒ္ဒန္တအစ္ဆရိယ(ဒီဃနိကာယကောဝိဒဘွဲ့ရ) ကန်နီကျေးရွာ၊ ဘဒ္ဒန္တဓမ္မဒီပ(ပါဠိပါရဂူ(၃)ဘွဲ့ရ)၊ မလွန်ရေခါးပရိယတ္တိ စာသင်တိုက်တို့မှ ဆရာ‌တော်များဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)