ဆင်ပေါင်ဝဲ ဧပြီ ၁
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရန်နှင့် ကြွပ်ကြွပ်အိတ်အသုံးပြုမှုလျှော့ချရေး၊ ပလပ်စတစ်အိတ် ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်နှင့် စက္ကူအိတ်များ အစားထိုးအသုံးပြုရေး အသိပညာပေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်က ဆင်ပေါင်ဝဲမြို့မစျေးအတွင်း ဈေးရောင်းစျေးဝယ်ပြည်သူများအား လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်း၊ ဈေးရောင်းချသူများအား ငှက်ပျောဖက်၊ အင်ဖက်နှင့် စက္ကူများ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ ပလပ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေးနှင့် အစားထိုးအသုံးပြုရေး အသိပညာဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများတို့က ပလပ်စတစ်အိတ် ကြွပ်ကြွပ်အိတ်များသည် အလွယ်တကူ ဆွေးမြေ့ကြေပျက်မှုမရှိသည့်အတွက် ကမ္ဘာ့ရေထုမြေထုအား ညစ်ညမ်းစေခြင်း၊ သက်ရှိ သတ္တဝါများအတွက် အန္တရာယ်ဖြစ်စေနိုင်သဖြင့် ပလပ်စတစ်အိတ် ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်စသည့် ထုတ်ပိုးပစ္စည်းများ အစားထိုးအသုံးပြုရေး အသိပညာပေး လက်ကမ်းစာစောင်များ၊ ငှက်ပျောဖက်နှင့် စက္ကူများဖြန့်ဝေပေးခဲ့သည်။
အဆိုပါ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပြည်သူများအား ပလပ်စတစ်အိတ်သုံးစွဲခြင်း၏ ဆိုးကျိုးများ၊ ပလပ်စတစ်များသုံးစွဲမှုကြောင့် ပတ်ဝန်ကျင်းထိခိုက်ပျက်စီးမှုများကို သိရှိစေရန် ရည်ရွယ်၍ အပတ်စဥ် တနင်္လာနေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)