ကန့်ဘလူ ဧပြီ ၁
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ အသက်နှစ်နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ဧပြီ ၁ ရက်နံနက် ၉ နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ စတင်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက် ငါးခုအတွင်းရှိ ကလေးငယ်များ၊ ကျေးရွာများမှ ကလေးငယ်များအား အသက်အပိုင်းအခြား အလိုက်ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဂျပန်ဦးနှောက်အမြှေးရောင်၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေး ထိုးနှံပေးခြင်းကိုလည်းကောင်း စနစ်တကျဆောင်ရွက်ပေးသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများကို လစဥ်လဆန်းရက်များ၌ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိပြီး သတ်မှတ်ရက်များအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)