ဘုတ်ပြင်း နိုဝင်ဘာ ၅
ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပိုစတာများကပ်ထားခြင်းတို့ကို ယနေ့နံနက်က မြို့မဈေး၊ တက္ကစီဂိတ်နှင့် မြို့ပေါ်ရပ်ကွက်များတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့ပေါ်ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိ သူများက သတိရပါ သင့်ရဲ့ဆန္ဒမဲကို လျှိုဝှက်ထားပါ၊ မဲပေးရမည့် နည်းလမ်းအဆင့်ဆင့်များ၊ မဲရုံ အတွင်းဝင်ရောက်ခြင်းနှင့် ပတ်သက်သည်များ၊ လက်ခံရယူခြင်း၊ တံဆိပ်တုံးထုခြင်းနှင့် ဆန္ဒမဲပေးခြင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များအား တိုက်ဆိုင် စစ်ဆေးခြင်းနှင့် သတင်းတု သတင်းယောင် များ ပျံ့နှံမှုကို တားဆီးခြင်းနှင့် သတိပြု ဆင်ခြင်ပါ စသည့်သတင်းအချက်အလက်တွေ မှန်၊ မမှန် စစ်ဆေးနိုင်သည့် Website လိပ်စာများ ပါဝင်သည့် လက်ကမ်းစာစောင်များနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် မဲပေးကြပါစို့ နံရံကပ်ပိုစတာများ လိုက်လံကပ်ထားခြင်းကို အသိပညာပေး ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
သန်းထွန်းဦး (ပြန်/ဆက်)