တောင်ငူ နိုဝင်ဘာ ၅
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲ ပေးပိုင်ခွင့် မဆုံးရှုံးကြစေရန်နှင့် ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရန် ရည်ရွယ်၍ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး အချက်အလက်များကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တောင်ငူခရိုင် ရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင် ပြသဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် `` မဲပေးကြပါစို့ ´´ ပိုစတာ ၊ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးပါ ၊ ဆန္ဒမဲပေးရမည့် နည်းလမ်းများ၊ ကိုဗစ် -၁၉ ရောဂါကာကွယ်ရေးနှင့်အညီ ဆန္ဒမဲပေးနိုင်ရန် အဆင့်ဆင့် ဆောင်ရွက်ချက်များ ၊ မိမိဆန္ဒပြုလိုသော ကိုယ်စားလှယ်လောင်း၏ ဘေးအကွက်တွင် တံဆိပ်တုံးထု၍ ဆန္ဒပြုပါ၊ ဆန္ဒမပြုမီ အကြောင်းတစ်ခုခုကြောင့် ဆန္ဒမဲလက်မှတ် မတော်တဆ ပျက်ဆီးသွားပါက ဆန္ဒမဲလက်မှတ်အသစ် တောင်းခံနိုင်သည့် မှတ်သားဖွယ်အချက်များ၊ ဆန္ဒမဲပေးနေစဉ် ကိုဗစ် -၁၉ ရောဂါအန္တရာယ်မှ ကင်းဝေးအောင် ဂရုပြုနေထိုင်ရမည့် အချက်များ စသည့် အသိပညာပေး အချက်အလက်များကို ပြည်သူများ ကြည့်ရှုလေ့လာနိုင်ရန် ပြသထားကြောင်း သိရသည်။
ဇော်ထက်(တောင်ငူ)