ကျိုက်လတ် ဧပြီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် ရေပေးရေး၊ ကုန်ထုတ်လမ်း၊ တံတားနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီခွဲ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းအောင်က တက်ရောက်လာကြသည့် ကျေးရွာ ကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသူရရှိန်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး(VDP) စီမံကိန်းတွင်ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကြောင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေးဘက်စုံ ဖွံ့ဖြိုးတိုးတက်လာပြီး ကျေးရွာအတွင်းများထိ လမ်းပန်းဆက်သွယ်ရေးများကောင်းမွန်လျက်ရှိရာ ရာသီမရွေးသွားလာနိုင်ပြီဖြစ်သဖြင့် အကျိုးကျေးဇူးများစွာရရှိပါကြောင်း၊ ရေပေးရေး၊ ကုန်ထုတ်ဆိပ်ခံတံတား၊ ဆိုလာ ရေတင်စနစ်လုပ်ငန်းများရေရှည် တည်တံ့စေရေး ကျေးရွာကော်မတီဝင်များနှင့် ပူးပေါင်းထိန်းသိမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းအောင်နှင့် တာဝန်ရှိသူများက ပေးအပ်ရာကျေးရွာကော်မတီဝင်များကလက်ခံရယူခဲ့ကြသည်။
ကျိုက်လတ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး(VDP) စီမံကိန်းအရ ကျေးရွာအုပ်စု(၁၁) အုပ်စုရှိ ကျေးရွာပေါင်း (၁၁)ရွာတွင် လျှပ်စစ်မီးလင်းရေး(၃)ခု၊ ကျေးရွာတွင်း ကွန်ကရစ်လမ်း(၇)လမ်း၊ ကွန်ကရစ်ဘီးလမ်း(၁)လမ်း၊ ရေသန့်စင်စနစ်(၂)ခု၊ ရေပေးရေးလုပ်ငန်း(၄)ခု၊ ဆိုလာရေတင်စနစ်လုပ်ငန်း(၃)ခု၊ ကုန်ထုတ်ဆိပ်ခံတံတားလုပ်ငန်း(၂)ခုတို့ ဆောင်ရွက်ပြီးစီးနိုင်ခဲ့ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။
လှိုင်မင်းအောင်