လပွတ္တာမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

လပွတ္တာ ဧပြီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ဘိုးပြည့် ကျေးရွာအုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လပွတ္တာ​မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဆန်းဦး၏ကြီးကြပ်မှုဖြင့် တိုက်နယ်မှူးများနှင့်ဝန်ထမ်းများက သက်ဆိုင်ရာကျေးရွာအုပ်စုများတွင် အသက်(၁၈)နှစ်နှင့် အထက်ကိုင်ဆောင်လက်မှတ် မရှိသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းမရှိသည့် စဉ်ဆက်မပြတ် အမြဲနေထိုင်သူများ၊ကျူးကျော် နေထိုင်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်း၊ ရွေ့ပြောင်းနေထိုင်သူများအား သက်ဆိုင်ရာမြို့နယ်များနှင့် ချိတ်ဆက်ညှိနှိုင်းပယ်ဖျက်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်း၊ ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မူမူ(ပြန်/ဆက်)