ဒေးဒရဲ ဧပြီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအမည်မှ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနအမည်သို့ ပြောင်းလဲသတ်မှတ်ခြင်းအတွက် ပရိတ်တရားနာယူခြင်း၊ သံဃာတော်များအား အာရုဏ်ဆွမ်းကပ်လှူခြင်း၊ ဆိုင်းဘုတ်အသစ်တင်ခြင်း အခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒေးဒရဲမြို့နယ်၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ ဦးစီးမှူးဦးအောင်ကျော်စိုး နှင့် ဝန်ထမ်းများမှ ဆရာတော်၊ သံဃာတော်များပင့်ဖိတ်၍ ပရိတ်တရားနာယူကာ အာရုဏ်ဆွမ်းနှင့်လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် ဌာနဆိုင်ရာများက ယခင်လယ်ယာမြေစီမံခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာနဆိုင်းဘုတ်မှ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန အမည်ရှိဆိုင်းဘုတ်အသစ်အား ပြောင်းလဲတပ်ဆင်ကာ အမွှေးနံသာရည်များ ပက်ဖြန်းပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဆိုင်းဘုတ်အသစ်တင်ခြင်း အခမ်းအနားသို့ တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား အာဟာရဒါနများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
အေဇာလင်း