စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုလိုက်လံကြည့်ရှုစစ်ဆေး

မုံရွာ မတ် ၃၁

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ အားသစ်လမ်းနိုင်လွန်ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က အရှည် ၂၅၀၀ ပေ၊ အကျယ် ၁၈ ပေ၊ ၃ လက်မခွဲထု နိုင်လွန်ကတ္တရာလမ်း ခင်းကျင်းနေမှုနှင့် မုံရွာမြို့အတွင်းရှိ ရပ်ကွက်လမ်းများ၌ နိုင်လွန်ကတ္တရာလမ်း ခင်းခြင်းလုပ်ငန်းများဆောင်ရွက်သွားမည့် လုပ်ငန်းအ‌ခြေအနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မုံရွာမြို့အတွင်းရှိ ရပ်ကွက်လမ်းများ၌ နိုင်လွန်ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည့် လုပ်ငန်းအ‌ခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက် ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့သစ်ရပ်ကွက်ရှိ ထင်းရှူးလမ်း အရှည် ၂၅၀၀ ပေ၊ အကျယ် ၁၈ ပေ၊ ၃ လက်မခွဲထု နိုင်လွန်ကတ္တရာလမ်းခင်းကျင်း ပြီးစီး မှုအား တာဝန်ရှိသူများနှင့် အတူ ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။   

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်သွားလာနိုင်စေရေး၊ ရပ်ကွက်များအတွင်းရှိ လမ်းများအား သန့်ရှင်းသပ်ရပ်စေရေးနှင့် သစ်ပင်ချုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်း ခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ မင်္ဂလာလမ်း လမ်းဘေးဝဲ/ယာများအား တပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် လူမူရေးအသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများအား စားသုံးဆီများနှင့် တန်ဖိုးသင့်စားသောက်ကုန်များ၊ ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများနှင့် ရပ်ကွက်နေ ပြည်သူများအား စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၂ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၃၀၀ ကျော်ဖြင့် မြို့သန့်ရှင်းသာယာလှပ ရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)