ဝေါမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဝေါ မတ် ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၉) နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က မူးယစ်ဆေးဝါး သုံးစွဲခြင်း၏ ဆိုးကျိုးများ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုနှင့် လူမှုရေးဆိုင်ရာ ထိခိုက်မှုတို့အား အသိပညာပေး ဆွေးနွေးဟောပြောပြီး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အဖွဲ့ဝင် ဒေါ်ခင်ရတနာသိန်းထွန်းက တန်ဖိုးရှိလှ လူငယ်ဘဝ မူးယစ်ကင်းစင်ကျန်းမာမှ ခေါင်းစဥ်ဖြင့် အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါး အသိပညာပေး ဆွေးနွေးဟောပြောပွဲသို့ အမျိုးသမီရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့ပေါ်(၆)ရပ်ကွက်ရှိ လူငယ်လူရွယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)